အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အရေးကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲ ရာထူးနေရာတစ်ခုမှာ အတွေ့အကြုံ မရှိတဲ့ မဟာမိတ် တစ်ဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
ဖက်ဒရယ် အိမ်ခြံမြေ ဘဏ္ဍာရေး အေဂျင်စီ အကြီးအကဲဖြစ်ပြီး ထရမ့်ရဲ့ ပြိုင်ဘက်တွေကို အာပေါင်အာရင်းသန်သန် ဝေဖန်ထိုးနှက်မှုတွေကြောင့် လူသိများတဲ့ ထရမ့်ရဲ့ သစ္စာတော်ခံ မဟာမိတ် ဘီလ်ပူလ်တေးဟာ ဇွန်လ ၂ ရက်နေ့မှာ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ (DNI) ရာထူးအတွက် ယာယီခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
DNIဟာ အမေရိကန်ရဲ့ ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီ အများအပြားက တိုက်ရိုက် အစီရင်ခံရတဲ့ ထောက်လှမ်းရေးဆိုင်ရာ အမြင့်ဆုံး ရာထူးတစ်ခု ဖြစ်ပါတယ်။
အရိုးကင်ဆာရောဂါ စွဲကပ် ခံစားနေရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို အကြောင်းပြပြီး ပြီးခဲ့တဲ့လမှာ ရာထူးကနေ နုတ်ထွက်စာ တင်သွားတဲ့ တူလ်ဆီ ဂက်ဘတ်ရဲ့ နေရာကို ပူလ်တေးက ဆက်ခံခဲ့တာပါ။

Public Service Announcement
ဂက်ဘတ်ကို ထရမ့်က DNI နေရာအတွက် ရွေးချယ်ချိန်တုန်းကလည်း အငြင်းပွားစရာ အခြေအနေတွေ ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ သူဟာ အီရန်စစ်ပွဲဆိုင်ရာ မူဝါဒတွေကို အကြောင်းပြုပြီး ထရမ့်နဲ့ သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပါတယ်။
DNI ရာထူးဟာ အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းရဲ့ အချုပ်အခေါင်လို့ ဆိုနိုင်ပြီး ထောက်လှမ်းရေးဆိုင်ရာ အရေးကိစ္စတွေနဲ့ ပတ်သက်ရင် သမ္မတအတွက် အဓိက အကြံပေးရသူလည်း ဖြစ်ပါတယ်။ ပြဋ္ဌာန်းချက်တွေအရ DNI အဖြစ် အလုပ်လုပ်မယ့်သူဟာ ထူးကဲပြီး ရှည်လျားတဲ့ အမျိုးသား လုံခြုံရေး လုပ်ငန်း အတွေ့အကြုံမျိုး လိုအပ်မှာ ဖြစ်ပေမယ့် ပူလ်တေးမှာတော့ ပိုင်ဆိုင်မထားပါဘူး။
ထရမ့်ကတော့ ပူလ်တေးဟာ ယာယီ DNIအဖြစ် အလုပ်လုပ်နေရင်း သူ့ရဲ့ မူရင်း တာဝန်ဖြစ်တဲ့ အိမ်ခြံမြေရေးရာ ကိစ္စတွေကိုလည်း ဆက်လက် ကွပ်ကဲနေမယ်လို့ ပြောပါတယ်။ အမေရိကန် မီဒီယာ တချို့ကတော့ အသက် ၃၈ နှစ်အရွယ် ပူလ်တေးဟာ ထရမ့်အတွက် တိုက်ခိုက်ပေးမယ့်ခွေး ‘Attack dog’အဖြစ် ပုံဖော် သုံးနှုန်းကြပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေကတော့ ပူလ်တေးရဲ့ ထောက်လှမ်းရေး အတွေ့အကြုံ ကင်းမဲ့မှု၊ ထရမ့်ရဲ့ ပြိုင်ဘက်တွေအပေါ် ရန်လိုမှုတွေကို အဓိက ပစ်မှတ်ထားပြီး အခုရာထူး ခန့်အပ်မှုကို ဝေဖန် ထိုးနှက်ခဲ့ကြပါတယ်။
အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မတ်ခ်ဝါနာက ပူလ်တေးကို DNI အကြီးအကဲအဖြစ် ထရမ့်က ခန့်အပ်တာဟာ တကယ်တမ်း ထိရောက်တဲ့ အကြံဉာဏ်တွေ ရချင်လို့ မဟုတ်ဘဲ သူကြားချင်တဲ့ ကိစ္စတွေ တင်ပြတာကို ကြားခွင့်ရဖို့ပဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ်ဗန့်စ်ကတော့ ယာယီ DNI အသစ်ဖက်ကနေ ကာကွယ် ရပ်တည်ခဲ့ပြီး ပူလ်တေးဟာ ဗျူရိုကရေစီ ယန္တရားနဲ့ ထောက်လှမ်းရေး အသိုက်အဝန်းရဲ့ အလုပ်လုပ်ပုံတွေကို ကောင်းကောင်း နားလည်တဲ့ လူတော်တစ်ဦးလို့ လူမှုကွန်ရက်ပေါ်မှာ ထောက်ခံ ရေးသားသွားခဲ့ပါတယ်။
ကိုးကား: AFP


















































