Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ခိုက်ပြီးရင် ခြေရာဖျောက် ရွေ့လျားနိုင်တဲ့ အတွဲလိုက် ဒုံးကျည်စနစ်ကို ထိုင်ဝမ် လေ့ကျင့်ပစ်ခတ်

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်နေ့က shoot-and-scootလို့ သုံးနှုန်းတဲ့ ရွေ့လျား ဒုံးကျည် ပစ်ခတ်မှု ပလက်ဖောင်းတွေကို ထိုင်ဝမ် စစ်တပ်က လက်တွေ့ ပစ်ခတ်ခဲ့တာပါ။ ဒါဟာ တရုတ်ဆီက စစ်ပြုကျူးကျော်မှုမျိုး ကြုံလာရင် ဘယ်လို အခင်းအကျင်းတွေနဲ့ လက်တုံ့ပြန်မလဲ ဆိုတာကို လှစ်ဟပြလိုက်တဲ့ ထိုင်ဝမ်ရဲ့ အစီအမံတစ်ခု ဖြစ်နိုင်ကြောင်း စစ်ရေး သုတေသီတွေက မှတ်ချက်ပေးခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။

အမေရိကန် ကာကွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinက ထုတ်လုပ်ပြီး အတွဲလိုက် ဒုံးကျည်ပစ်ခတ်မှု အပေါ့စား ပလက်ဖောင်းဖြစ်တဲ့ HIMARSကို အရင်ကလည်း ထိုင်ဝမ်စစ်တပ်က စမ်းသပ်ပစ်ခတ်ဖူးပါတယ်။ ဒါပေမဲ့ ဇွန်လ ၁၀ ရက်နေ့မှာတော့ ထူးခြားမှု တစ်ခုအဖြစ် ထိုင်ဝမ်ဟာ HIMARSတွေကို ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြား ရေပြင်ဆီ ပစ်ခတ်ခဲ့တာပါ။ ထိုင်ဝမ် ရေလက်ကြားဟာ တရုတ်နဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်းခြားထားတဲ့ ကျဉ်းမြောင်းတဲ့ ရေပြင်ဧရိယာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ တရုတ်နဲ့ စစ်ပွဲဖြစ်လာရင် တရုတ်ရဲ့ ကမ်းတက် တပ်ဖွဲ့တွေကို တန်ပြန်ဟန့်တားမယ့် ထိုင်ဝမ်ရဲ့ ခံစစ် အခင်းအကျင်းကို လေ့ကျင့်ပြင်ဆင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ ရန်သူ့ ခြိမ်းခြောက်မှုတွေက လျော့ကျမသွားတဲ့အတွက် HIMARS လေ့ကျင့် ပစ်ခတ်မှုတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားနိုင်တယ်လို့ ထိုင်ဝမ်စစ်တပ်ရဲ့ တပ်ကြပ်ကြီး ဝမ်မင်ဟွေက ပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့ လေ့ကျင့်မှုမှာတော့ ထိုင်ဝမ်စစ်တပ်ဟာ လေ့ကျင့်ရေး ရည်ရွယ်ချက်အတွက် အသုံးပြုဖို့ စွမ်းဆောင်ရည် လျှော့ချ တည်ဆောက်ထားတဲ့ ဒုံးကျည်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့်လည်း ဒုံးကျည်တွေဟာ ပင်လယ်ပြင်ဖက်ကို လမ်းကြောင်းခပ်တိုတိုပဲ ပျံသန်းပြီး ရေပြင်ဆီ ကျဆင်းကုန်ပါတယ်။

HIMARS စနစ်မှာ ပြောင်းလဲ တပ်ဆင်နိုင်တဲ့ ဒုံးကျည် အမျိုးအစားပေါ် မူတည်ပြီး ကီလိုမီတာ ၃၀ ကနေ ၅၀၀ လောက် အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကိုတော့ ကီလိုမီတာ ၃၀၀ လောက်ထိ ရောက်ရှိနိုင်တဲ့ MGM-140 ဒုံးကျည်တွေ ထောက်ပံ့ ရောင်းချပေးထားတယ်လို့ ယုံကြည်ရပါတယ်။

ထိုင်ဝမ်စစ်တပ်ဟာ HIMARS စနစ် ၁၁ ခုကို လက်တွေ့စတင် အသုံးပြုနေပြီး နောက်ထပ် ၁၀၀ လောက် ထပ်မံမှာယူဖို့ စီစဉ်ထားပါတယ်။

ထိုင်ဝမ်ရေလက်ကြားဖက်ကို ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ ထိုင်ဝမ်ရဲ့ အမေရိကန်ရေးရာ ကိုယ်စားလှယ် အလက်ဇန္ဒား ယူအီက ထိုင်ဝမ်ဆိုတာ ကျွန်းနိုင်ငံ တစ်ခုဖြစ်ပြီး အရှေ့ဖက်နဲ့ အနောက်ဖက်ကိုပဲ လက်နက် စမ်းသပ်လို့ ရနိုင်ကြောင်း၊ အခုအစီအစဉ်မှာတော့ အနောက်ဖက်ကို ရွေးချယ်ခဲ့ကြောင်း ပြောကြားသွားပါတယ်။ သူက ထိုင်ဝမ်စစ်တပ်ဟာ အသစ်ပိုင်ဆိုင်ထားတဲ့ လက်နက်စနစ်နဲ့ အသားကျအောင်၊ ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် စဉ်ဆက်မပြတ် လေ့ကျင့်မှုတွေ လိုအပ်နေဆဲလို့လည်း ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း HIMARSတွေသာ မကဘဲ ၁၅၅ မမ ဟောင်ဝစ်ဇာ စက်အမြောက်တွေကိုပါ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်က ပြုလုပ်နေပြီး သမ္မတ လိုင်ချင်တေး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Facebook