Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တော်ကို ရုရှား အပြင်းအထန် တိုက်ခိုက်မှုကြောင့် ၈ ဦးထက်မနည်း သေဆုံး

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး အပျက်အစီးတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး အပျက်အစီးတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဇူလိုင် ၁ ရက် ညပိုင်းကနေ ၂ ရက်နေ့ မနက်အစောပိုင်းထိ ကိယက်ဗ်မြို့တော် အနှံ့ကို ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၂ ရက် မနက်ပိုင်းထိ အခြေအနေအရ သေဆုံးစာရင်း ၈ ဦး အတည်ပြုထားပြီး နောက်ထပ်လည်း မြင့်တက်လာနိုင်ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားဟာ အကြီးစား တိုက်ခိုက်မှုကြီး တစ်ခုအတွက် ပြင်ဆင်နေကြောင်း သတိပေး ပြောကြားခဲ့ပြီး နာရီပိုင်း အကြာမှာပဲ အခုအခြေအနေကို ကိယက်ဗ်မြို့ခံတွေ ကြုံတွေ့ခဲ့တာပါ။

ကိယက်ဗ်ရဲ့ စစ်ရေးအုပ်ချုပ်မှုဌာန အကြီးအကဲ တိုင်မူရာ ကာချန်ကိုက လက်ရှိ အချိန်ထိ ၈ ဦးသေ၊ ၂၅ ဦး ဒဏ်ရာရဆိုတဲ့ စာရင်း ရရှိထားကြောင်း ပြောပါတယ်။ ရန်သူဟာ နောက်တစ်ကြိမ် အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ယူကရိန်း ပြည်သူတွေကို သတ်ဖြတ်ခဲ့ကြောင်း၊ အပျက်အစီး များပြားသလို ကလေးတွေ အပါအဝင် ထိခိုက်သေဆုံးမှုတွေ များခဲ့ကြောင်း ကာချန်ကိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကိယက်ဗ်ကို ရုရှား ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အလုံးအရင်း ကျရောက် ပေါက်ကွဲနေချိန် အတောအတွင်း အိမ်နီးချင်း ပိုလန်နိုင်ငံကလည်း လေပိုင်နက်ကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်တွေကို ပျံတက်စေပြီး အသင့်အနေအထား စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုလန် ပိုင်နက်ထဲမှာ ထိခိုက်မှု၊ တိုက်ခိုက်ခံရမှု ဖြစ်စဉ်မျိုးတော့ သတင်းမကြားခဲ့ရပါဘူး။

ယူကရိန်း လေတပ်ကတော့ အခုနောက်ဆုံး တိုက်ခိုက်မှုမှာ ရုရှားဟာ ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၅၄၀ ဝန်းကျင်လောက် အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ ရုရှားဟာ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေအပြင် အသံထက် အဆပေါင်း တော်တော်များများ ပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုအပြီး ကိယက်ဗ်မြို့တော် အနှံ့မှာ မီးလောင်မှု သတင်းတွေကိုလည်း ကြားခဲ့ရပါတယ်။ ဒါဟာ နှစ်ပတ်အတွင်း ပထမဆုံးအဖြစ် ယူကရိန်းကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေ အုံနဲ့ကျင်းနဲ့ အသုံးပြု တိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။

ဇူလိုင် ၁ ရက်နေ့ အစောပိုင်းတုန်းက ဇီလန်စကီးဟာ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ဆီ သွားရောက်နေတဲ့ ခရီးစဉ်ကို သတ်မှတ်ချိန်ထက် စောပြီး အဆုံးသတ်ခဲ့ပါတယ်။ အကြောင်းကတော့ ရုရှားဟာ ယူကရိန်း ပိုင်နက်ထဲမှာ အကြီးစား တိုက်ခိုက်မှုကြီး တစ်ခုအတွက် ပြင်ဆင်နေကြောင်း ထောက်လှမ်းရေး သတင်းတွေ ရထားတာကြောင့်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ပြည်သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ရော၊ ကလေးတွေနဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့ အတွက်ပါ အစွမ်းကုန် နိုးနိုးကြားကြား သတိထားနေကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အခုလို တိုက်ခိုက်မှုကြီးတစ်ခု လုပ်ဖို့အတွက် အတော်လေး အချိန်ယူ ပြင်ဆင်ထားတာ ဖြစ်တယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းကလည်း ရုရှားရဲ့မြို့တော် မော်စကို ပိုင်နက်ထဲထိ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး အထူးသဖြင့် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို အဓိက ပစ်မှတ်ထား ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်သစ် ၁၆ စီး အရောင်းအဝယ် စာချုပ်ကို ယူကရိန်းနဲ့ ဆွီဒင်တို့ကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ရှားပါးတဲ့ အခြေအနေ တစ်ခုအဖြစ် ရုရှားဟာ ပြည်ပကနေ လောင်စာဆီ ပြန်လည်ဝယ်ယူ တင်သွင်းသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဆီ ပြတ်လပ်မှုတွေ ကြုံတွေ့နေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။