Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတ ပြန်ဖြစ်ပြီးနောက်ပိုင်း ပိုချမ်းသာလာတဲ့ ထရမ့်

အမေရိကန် သမ္မတ ရာထူးကို တကျော့ပြန် ရယူပြီးတဲ့နောက် ဒေါ်နယ်လ်ထရမ့်က ပိုမိုကြွယ်ဝ ချမ်းသာလာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် သမ္မတ ရာထူးကို တကျော့ပြန် ရယူပြီးတဲ့နောက် ဒေါ်နယ်လ်ထရမ့်က ပိုမိုကြွယ်ဝ ချမ်းသာလာတယ်လို့ သိရပါတယ်။

ဘီလီယံနာ သူဌေးကြီး တစ်ဦးဖြစ်တဲ့ ထရမ့်ဟာ ၂၀၂၅ ခုနှစ်မှာတော့ ပိုင်ဆိုင်မှု ငွေကြေးပမာဏ ဒေါ်လာ ၂.၂ ဘီလီယံလောက် တိုးမြင့် ပိုင်ဆိုင်လာတယ်လို့ အခုသီတင်းပတ်မှာ ထွက်ပေါ်လာတဲ့ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်း အသစ်တွေက ညွှန်ပြနေခဲ့ပါတယ်။

အဲဒီထဲက အများစုကတော့ ခရစ္စတို ငွေကြေးအရောင်းအဝယ် လုပ်ငန်းတွေ၊ ထရမ့်ရဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကနေ တိုးပွားလာတာပါ။ ဒါပေမဲ့ ခရစ္စတို ငွေကြေးစျေးနှုန်းတွေက အခုနှစ်ထဲမှာ ပြန်လည် ကျဆင်းနေတာကြောင့် ထရမ့်ရဲ့ ပိုင်ဆိုင်မှု စာရင်းက အကျဖက် ပြန်ရောက်နိုင်ခြေလည်း ရှိနေပါတယ်။

ထရမ့်ဟာ သူသမ္မတဖြစ်ပြီး မကြာခင်မှာပဲ စတင်ဖြန့်ဝေတဲ့ $TRUMP meme coinဆိုတဲ့ ခရစ္စတို ငွေကြေးယူနစ်အတွက် Celebration Coinsဆိုတဲ့ ကုမ္ပဏီဆီကနေ ဒေါ်လာ ၆၃၅ သန်းလောက် ရရှိခဲ့တယ်လို့ စာရင်းတွေက ဖော်ပြထားပါတယ်။ ထရမ့်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့တုန်းက $TRUMP meme coinရဲ့ တန်ဖိုးဟာ တစ်ယူနစ်ကို ၄၄ ဒေါ်လာလောက် ရှိခဲ့ရာကနေ ဇူလိုင် ၂ ရက်နေ့မှာ ၁.၆၉ ဒေါ်လာထိ ကျဆင်းသွားပါတယ်။ အကျိုးဆက်အဖြစ် အဲဒီ ဒစ်ဂျစ်တယ် ငွေကြေးကို ယုံကြည် ရင်းနှီးမြှုပ်နှံသူတွေက စုစုပေါင်း ဒေါ်လာ သန်း ၇၀၀ လောက် နစ်နာမှုတွေ ကြုံခဲ့ကြောင်း ခန့်မှန်းရပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ထရမ့်ဟာ သူ့ရဲ့ World Liberty Financial ရှယ်ယာတွေကို ရောင်းချခဲ့ရာကနေ ဒေါ်လာ ၆၅ သန်းလောက် လက်ခံရရှိခဲ့ပါတယ်။ ဝယ်ယူသူကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ရှိတ်ခ်တာနော ဘင်မိုဟာမက် အယ်လ်နာယန်း ပိုင်ဆိုင်တဲ့ ကုမ္ပဏီ တစ်ခုပါ။

World Liberty Financialဟာလည်း ထရမ့်ရဲ့ သားတွေ၊ ပြီးတော့ ထရမ့်ခန့်အပ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ညှိနှိုင်းရေး အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ရဲ့ သားသမီးတွေ ထူထောင်ထားတဲ့ ခရစ္စတို ငွေကြေးလုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ အဲဒီကနေလည်း ထရမ့်က ဒေါ်လာ သန်း ၅၀၀ လောက် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထရမ့်ရဲ့ ခရစ္စတို ငွေကြေး ဝင်ငွေဟာ ဒေါ်လာ ၁.၄ ဘီလီယံကျော်ထိ ရောက်ရှိခဲ့တယ်လို့ စာရင်းရှင်းတမ်းမှာ ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်ဟာ သမ္မတ ဖြစ်လာလို့ အကျိုးအမြတ်တွေ ရနေတာဆိုတဲ့ သုံးသပ်ချက်တွေကို ငြင်းဆိုထားပါတယ်။ သမ္မတဟာ တခြား စီးပွားရေးသမားတွေလိုပဲ တိုးတက်ပြောင်းလဲလာတဲ့ စတော့စျေးကွက်ကနေ အကျိုးကျေးဇူး ခံစားခဲ့ရတာသာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

နောက်ပြီး နိုင်ငံရပ်ခြားမှာ သူ့ရဲ့ လုပ်ငန်းနာမည်ကို သုံးစွဲခွင့် ပြုခဲ့ရာကနေ ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေး ပရောဂျက်တွေဆီကနေ ထရမ့်က ဒေါ်လာ သန်းနဲ့ချီ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒူဘိုင်းအခြေစိုက် DAMACဟာ ၂၀၂၅ အိမ်ရာစီမံကိန်းကြီး နှစ်ခုမှာ ထရမ့်နာမည်ကို အသုံးပြုခြင်း အပါအဝင် မူပိုင်ခွင့် ကိစ္စတွေအတွက် သူ့ကို ဒေါ်လာ ၁၂.၅ သန်း ပေးချေခဲ့ပါတယ်။

အလားတူ ဆော်ဒီ အိမ်ခြံမြေ လုပ်ငန်းစုကြီး တစ်ခုကလည်း ယူအေအီး၊ ဆော်ဒီ၊ ကာတာနဲ့ အိုမန်တို့မှာ အကောင်အထည် ဖော်ခဲ့တဲ့ ပရောဂျက်တွေအတွင်း ထရမ့်ရဲ့ နာမည်တွေကို အသုံးပြုခဲ့တဲ့အတွက် ဒေါ်လာ ၂၅.၂ သန်း ပေးချေခဲ့ပါတယ်။ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်က ကုမ္ပဏီ တချို့ကလည်း ထရမ့်ရဲ့ နာမည်ကို အမှတ်တံဆိပ် တစ်ခုအဖြစ် အသုံးပြုဖို့ ငွေကြေးပေးချေခဲ့ပါတယ်။

အခုငွေစာရင်း ရှင်းတမ်းတွေကိုတော့ ဖက်ဒရယ် ကျင့်ဝတ်ရေးရာ စည်းမျဉ်းတွေရဲ့ သတ်မှတ်ချက်နဲ့အညီ ထရမ့်ကိုယ်တိုင်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ စတော့ရှယ်ယာနဲ့ ငွေချေးစာချုပ် ပိုင်ဆိုင်မှုတွေလည်း ရာနဲ့ချီ တိုးပွား စုဆောင်း ထားတာကိုလည်း စာရင်းထဲမှာ တွေ့ရပါတယ်။ ပြီးတော့ သူက ဂေါက်ကွင်းတွေနဲ့ တခြားအဆောက်အအုံတွေအတွက် မြေငှားခ ပေးချေထားရမှုတွေကိုလည်း စာရင်းထဲမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန် သမ္မတဟာ ပိုင်ဆိုင်မှုတွေ၊ ဝင်ငွေတွေ၊ အကြွေးတွေကို ရှင်းရှင်းလင်းလင်း တင်ပြဖို့ လိုပေမယ့် ကိုယ်ပိုင် လုပ်ငန်းတွေက အမြတ်ရနေသလားဆိုတဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ ချန်လှပ်ထားခွင့် ရှိပါတယ်။ ၂၀၁၈ တုန်းက ထရမ့်ဝယ်ယူခဲ့ဖူးတဲ့ အိမ်တစ်လုံးဟာ အခုအခါမှာတော့ ဒေါ်လာ သန်း ၅၀ လောက်ထိ စျေးမြင့်တက်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာကျော် စစ်တမ်းမီဒီယာ တစ်ခုဖြစ်တဲ့ Forbesကတော့ ထရမ့်ရဲ့ ကြွယ်ဝမှုဟာ အခုနှစ် ဖေဖော်ဝါရီလထိ အခြေအနေအရ ဒေါ်လာ ၆ ဘီလီယံခွဲလောက် ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်းမှာ မွေးဖွားတဲ့ ကလေးတွေကို အမေရိကန် နိုင်ငံသား အလိုအလျောက် ဖြစ်ခွင့်ပေးတဲ့ သတ်မှတ်ချက်ကို ဆက်လက် တည်တံ့စေဖို့ အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတကာ

သူ့ပုံကို ထည့်သွင်းရိုက်နှိပ်ထားတဲ့ အမေရိကန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တ် အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။