Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်တွေမှာ နိုင်ငံရဲ့ လေကြောင်းစစ်ရေးစွမ်းရည်ကို ထုတ်ပြသွားတဲ့ အမေရိကန်

နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်တဲ့ ဇူလိုင် ၄ ရက်နေ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေမှာ အမေရိကန်ဟာ နိုင်ငံရဲ့ လေကြောင်း စစ်ရေးစွမ်းရည်ကို တခမ်းတနား ထုတ်ပြသွားခဲ့ပါတယ်။

ဓာတ်ပုံ - The White House

နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်တဲ့ ဇူလိုင် ၄ ရက်နေ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေမှာ အမေရိကန်ဟာ နိုင်ငံရဲ့ လေကြောင်း စစ်ရေးစွမ်းရည်ကို တခမ်းတနား ထုတ်ပြသွားခဲ့ပါတယ်။

မြို့တော် ဝါရှင်တန်ဒီစီမှာ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အမေရိကန်ရဲ့ စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက ၉ နာရီကြာ အချိန်အပိုင်းအခြား အတွင်းမှာ တစ်သုတ်ပြီးတစ်သုတ် စုဖွဲ့ပျံသန်းပြခဲ့ပါတယ်။ ထူးခြားမှု တစ်ခုအဖြစ် ကာတာအစိုးရက လက်ဆောင်ပေးထားပြီး အမေရိကန် သမ္မတ စီးတော်လေယာဉ် Air Force Oneအဖြစ် မွမ်းမံ ပြောင်းလဲထားတဲ့ Boeing 747-8i လေယာဉ်ကြီးလည်း အခုအစီအစဉ်မှာ ပါဝင်ပျံသန်းခဲ့ပါတယ်။

Air Force One အသစ်ကြီး ဝါရှင်တန်ဒီစီ ကောင်းကင်ယံကို ဖြတ်ပျံသွားတဲ့အချိန် အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး ဝေဟင်စိုးမိုးရေး တိုက်လေယာဉ်တွေဖြစ်တဲ့ F-22တွေက အခြံအရံအဖြစ် လိုက်ပါလာတာကိုလည်း တွေ့ရပါတယ်။

အဲဒီ ၉ နာရီကြာတဲ့ ဂုဏ်ပြုပျံသန်းမှု အစီအစဉ်မှာ အမေရိကန် အမျိုးသား အာကာသအေဂျင်စီ၊ ရေတပ်၊ လေတပ်၊ ကြည်းတပ်၊ ကမ်းခြေစောင့်တပ်နဲ့ မရိန်းတပ်ဖွဲ့တွေရဲ့ ကွဲပြားတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက တစ်သုတ်ပြီးတစ်သုတ် ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂုဏ်ပြုပျံသန်းမှု အစီအစဉ်ကို နာဆာရဲ့ F-5 လေယာဉ်တွေနဲ့ အစပြုခဲ့ပြီး နောက်တော့ ကမ်းခြေစောင့်တပ်ရဲ့ ကြည်းတပ်တဲ့ ရဟတ်ယာဉ်တွေက ဆက်တိုက် ပျံသန်းခဲ့ပါတယ်။ အခုအစီအစဉ် တစ်ခုလုံးမှာတော့ F-35C ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ၊ F-22 တိုက်လေယာဉ်တွေ၊ B-1, B-2နဲ့ B-52 ဗုံးကြဲလေယာဉ်တွေ၊ Osprey ရဟတ်ယာဉ်ကြီးတွေ အပါအဝင် လေယာဉ်မျိုးစုံ၊ ရဟတ်ယာဉ်မျိုးစုံကို တွေ့မြင်ခဲ့ရပါတယ်။

နောက်ပြီး အမေရိကန် လေတပ်ရဲ့ နာမည်ကျော် Thunderbirds လေကြောင်းစတန့် အဖွဲ့ရဲ့ F-16 တိုက်လေယာဉ်တွေ၊ ရေတပ် စတန့်အဖွဲ့ Blue Angelsရဲ့ F/A-18 Super Hornet တိုက်လေယာဉ်တွေကလည်း အလှပြ ပျံသန်းခဲ့ကြပါတယ်။

အခုလို ၉ နာရီကြာ ပျံသန်းမှု အစီအစဉ်အတွက် လေယာဉ်အစီး ၁၂၀ လောက် ပါဝင်ခဲ့ပြီး အမေရိကန် သမိုင်းမှာ အကြီးမားဆုံး စစ်ရေးပြ ပျံသန်းမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အမေရိကန်ရဲ့ နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို နယူးယောက်မှာ မီးရှူးမီးပန်း အလှအပတွေ ပစ်ဖောက်တာ အပါအဝင် နိုင်ငံအနှံ့မှာ ထူးခြားတဲ့ အစီအစဉ်တွေ၊ ပျော်ပွဲရွှင်ပွဲ ချီတက်ပွဲတွေနဲ့ ကြိုဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ