အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့မှာ မြစ်ထဲဆင်းရင်း ထိခိုက်ပျက်စီးခဲ့တဲ့ ရေယာဉ်ပျံ တစ်စီးပေါ်က လူ ၈ ဦးကို ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဇူလိုင် ၅ ရက်နေ့တုန်းက နယူးယောက်မြို့ရဲ့အရှေ့မြစ် ရေပြင်ဆီကို ရေယာဉ်ပျံက ဆင်းသက်ရင်း အမှားအယွင်း ကြုံခဲ့တာပါ။ ရေယာဉ်ပျံ ဆိုတာဟာ ရေပြင်ပေါ်မှာ ဆင်းသက်နိုင်အောင် မွမ်းမံပြင်ဆင်ထားတဲ့ လေယာဉ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ရေယာဉ်ပျံဟာ ရေပြင်ကို ဖြစ်သင့်တဲ့ အရှိန်ထက် ပိုပြင်းပြင်းနဲ့ ဆောင့်မိခဲ့ရာက ဘယ်ဖက်ကို စောင်းသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ တိမ်းမှောက်နစ်မြုပ်မသွားခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အဲဒီရေယာဉ်ပျံကို မက်ဟမ်တန်ဖက်ဆီ ပြန်လည် ဆွဲယူခဲ့ရပါတယ်။
Kodiak 100 အမျိုးအစား ရေယာဉ်ပျံပေါ် ပါလာသူ ၈ ဦးကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ပြီး ၂ ဦးက ဒဏ်ရာ အနည်းအကျဉ်း ရထားပေမယ့် ဆေးကုသမှု ခံယူဖို့ ငြင်းဆိုခဲ့ကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement
အခုလို မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမေရိကန် ဖက်ဒရယ် အစိုးရ အရပ်ဖက် လေကြောင်း ကွပ်ကဲရေးဌာန (FAA)က တာဝန်ယူ စုံစမ်းသွားမယ်လို့ ပြောပါတယ်။ အခင်းဖြစ်ချိန်က ရေယာဉ်ပျံဟာ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ဆီ ဆက်သွယ်ပြီး လမ်းညွှန်မှု ခံယူတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ရေယာဉ်ပျံဟာ နယူးယောက်မြို့က လူကုံထံတွေ သွားရောက် အပန်းဖြေလေ့ရှိတဲ့ ဟမ်တန်စ် ပင်လယ်ကမ်းခြေကနေ ပြန်လာပြီး မြစ်ထဲအဆင်းမှာ လှိုင်းခပ်ကြီးကြီးနဲ့ ကြုံခဲ့တယ်လို့ ယူဆရကြောင်း New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေ ရောက်သွားချိန်မှာ ရေယာဉ်ပျံရဲ့ အစိတ်အပိုင်းတချို့က ရေဝင်ပြီး နစ်မြုပ်နေပါတယ်။
ဇွန်လ ၁၃ ရက်နေ့တုန်းကလည်း အရှေ့မြစ် ရေပြင်မှာပဲ ပိုသေးတဲ့ ၂ ယောက်စီး ရေယာဉ်ပျံငယ်တစ်စီး ပျံတက်ဖို့ ကြိုးစားချိန်မှာ လှိုင်းရိုက်တာ ခံခဲ့ရပြီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC

















































