သူနဲ့ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေတဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကို လှောင်ပြောင်ဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။
ဇူလိုင် ၅ ရက်နေ့တုန်းက သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ထရမ့်က ဓာတ်ပုံတစ်ပုံ တင်ထားရာမှာတော့ အသက် ၄၉ နှစ်အရွယ် အီတလီ ဝန်ကြီးချုပ် အမျိုးသမီးက သူ့ကို ရွှန်းရွှန်းစားစား မော့ကြည့်နေသလို ရှိနေတာကို တွေ့ရပါတယ်။ အဓိက သတင်းဌာနကြီး တော်တော်များများက အဲဒီဓာတ်ပုံဟာ ပြုပြင်ဖန်တီးထားတာလို့ အတည်ပြုထားကြပါတယ်။
ထရမ့်က မယ်လိုနီဟာ သူ့ကို စွဲလမ်းနေတယ်ဆိုတဲ့ သဘောမျိုး လှောင်ပြောင်ပြီး မယ်လိုနီက သူ့ဆီ ချဉ်းကပ်ခွင့်မရအောင် တရားရုံးက ထုတ်ပေးထားတဲ့ တားမြစ်မိန့်မျိုး လိုအပ်နေပြီဆိုတဲ့ ပုံညွှန်းစာကိုပါ ရေးသားထားခဲ့ပါတယ်။
ထရမ့်နဲ့ မယ်လိုနီတို့ဟာ တစ်ချိန်က အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ်တွေအဖြစ် ရှုမြင်ခံခဲ့ရပေမယ့် အီရန်စစ်ပွဲ ကိစ္စမှာ အမေရိကန်ကို မယ်လိုနီက ဝေဖန်ခဲ့ရာက ပြဿနာတွေ စတင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ ထရမ့်နဲ့ မယ်လိုနီကြားက တင်းမာမှုဟာ လူသိရှင်ကြား ပေါက်ကွဲခဲ့ပါတယ်။

Public Service Announcement
ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ G7 ညီလာခံမှာ မယ်လိုနီဟာ သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ခခယယ တောင်းပန်ခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့တဲ့နောက် အီတလီ ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ ဗီဒီယို တစ်ခုတင်ပြီး ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ သူရော၊ အီတလီ နိုင်ငံကပါ ဘာအကြောင်းနဲ့မှ ဘာကိုမှ ခယပြီး တောင်းဆိုနေမှာ မဟုတ်ကြောင်း၊ ထရမ့် စကားဟာ လုံးဝဥဿုံ လုပ်ကြံဖန်တီးမှု သက်သက်ဖြစ်ကြောင်း မယ်လိုနီက တုံ့ပြန်ခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွက် ပြည်တွင်းက လေတပ်စခန်းတွေကို အမေရိကန် အသုံးပြုဖို့ အီတလီက ခွင့်ပြုမပေးခဲ့ပါဘူး။ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း ထရမ့်က အီတလီ အစိုးရနဲ့ မယ်လိုနီအပေါ် အကြိမ်ကြိမ် စကားနာ ထိုးခဲ့ဖူးပါတယ်။
ကိုးကား: Sky

















































