သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌဆီ တောင်းဆိုခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာတဲ့ အဓိက ဂိုးသွင်းရှင် ဖိုလာရင် ဘာလိုဂန် ဝင်ရောက် ကစားခဲ့ပေမယ့်လည်း ပူးတွဲအိမ်ရှင် အမေရိကန်ဟာ ဘယ်ဂျီယမ်ကို ဂိုးပြတ်ရှုံးပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အမေရိကန်ရဲ့ ကမ္ဘာ့ဖလား ဂိုးအများဆုံး သွင်းယူသူအဖြစ် ရပ်တည်နေခဲ့ပြီး ဘော့စ်နီးယားနဲ့ ပွဲစဉ်မှာ အနီကတ် ထိခဲ့တာကြောင့် စည်းမျဉ်းတွေအရ ဘယ်ဂျီယမ်နဲ့ ကစားမယ့် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်ကို လွဲချော်ရမှာပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အနီကတ်ထိတဲ့ ကစားသမားဟာ နောက်ထပ်တစ်ပွဲကို အလိုအလျောက်၊ ခြွင်းချက်မရှိ လွဲချော်မယ်ဆိုတဲ့ ဖီဖာရဲ့ စည်းမျဉ်းကို ဖီဖာကိုယ်တိုင် ချိုးဖောက်ပြီး ဘာလိုဂန်ရဲ့ ပြစ်ဒဏ်ကို ရွှေ့ဆိုင်းပေးခဲ့တာကြောင့် ဘယ်ဂျီယမ်နဲ့ ပွဲစဉ်မှာ ပါဝင်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ဟာ ဥရောပ အသင်းတစ်သင်းဖြစ်တဲ့ ဘယ်ဂျီယမ်ရဲ့ သမ္ဘာပိုင်း အားသာချက်ကို မယှဉ်နိုင်ခဲ့သလို ဘာလိုဂန်လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ပွဲအစ ၉ မိနစ်မှာတင် ဘယ်ဖက်ကနေ နစ်ကိုလက်စ် ရက်စ်ကင် ပေးပို့တဲ့ ဘောလုံးကို တိုက်စစ်မှူး ချားလ်စ်ဒီ ကက်တီလာရီက ဧရိယာထဲမှာ အသာအယာ ပိတ်သွင်းပြီး ဘယ်ဂျီယမ်တို့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာတော့ ကွင်းလယ်လူ မာလစ်ခ်တေးလ်မန်း လှမ်းကန်တဲ့ ပြစ်ဒဏ်ဘောက ဘယ်ဂျီယမ် လူတံတိုင်းနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာကြောင့် အမေရိကန်က တစ်ဂိုး ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အပျော်ဟာ ကြာကြာ မခံခဲ့ဘဲ ၃ မိနစ် အကြာမှာပဲ ဘယ်ခြမ်းကနေ လီယန်ဒရို ထရော့ဆက်ဒ် ကန်တင်ပေးတဲ့ ထောင့်ဖြတ်ဘောကို ဒီ ကက်တီလာရီကပဲ ခေါင်းတိုက်ပြီး ဘယ်ဂျီယမ်အတွက် ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာတော့ ဘယ်ဂျီယမ်က နှစ်ဂိုး-တစ်ဂိုးနဲ့ အသာရနေခဲ့ပါတယ်။

Public Service Announcement
ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာတော့ အမေရိကန် ဂိုးသမား မတ်ဖရီစီရဲ့ အမှားကနေ ဘယ်ဂျီယမ် ကွင်းလယ်လူ ဟန်းစ် ဗာလာကန်က အကာအကွယ်မဲ့ ဂိုးပေါက်ဆီ အဝေးကနေ လှမ်းကန်ပြီး တတိယဂိုး သွင်းယူသွားပါတယ်။ ဘယ်ဂျီယမ်အတွက် နောက်ဆုံး အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး နာကျင် အပိုဆောင်းချိန် ၉၃ မိနစ်မှာ ဝါရင့် တိုက်စစ်မှူးကြီး ရိုမဲလူ လူကာကူက သွင်းယူသွားခဲ့ပါတယ်။
အမေရိကန်ကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့နောက် ဘယ်ဂျီယမ်ဟာ တစ်ဖက်မှာ ပေါ်တူဂီကို နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့ ဖြတ်ကျော်လာတဲ့ စပိန်အသင်းနဲ့ ကွာတားဖိုင်နယ်အဖြစ် တွေ့ဆုံတော့မှာပါ။ အမေရိကန်ရဲ့ ရှုံးနိမ့်မှုကြောင့် အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ပူးတွဲအိမ်ရှင် သုံးသင်းစလုံး ၁၆ သင်း ရှုံးထွက်အဆင့် ကျော်မလာတော့ဘဲ ပြိုင်ပွဲကနေ အသီးသီး ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ကိုးကား: FIFA

















































