မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၉ ရက်နေ့က မိုနာကိုမှာရှိတဲ့ ဇိမ်ခံတိုက်ခန်းတွဲ တစ်ခုရဲ့ ဝင်ပေါက်မှာ ပါဆယ်ဗုံး ပေါက်ကွဲမှုကြောင့် ရုရှားနဲ့ နီးစပ်မှုရှိသူ ယူကရိန်းနွယ်ဖွား စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး ဗာဒင်မ် ယာမိုလိုင်ယက်ဗ်၊ သူ့ရဲ့ အတူနေချစ်သူနဲ့ ၁၃ နှစ်အရွယ် သားဖြစ်သူတို့ ဒဏ်ရာရခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ယာမိုလိုင်ယက်ဗ်နဲ့ သူ့အဖော်အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်ပြီး မိသားစုဝင် ၃ ဦးစလုံးကို ပြင်သစ်နိုင်ငံမှာ ဆေးရုံ တင်ပို့ထားရပါတယ်။
မိုနာကိုဟာ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း၊ မြေထဲပင်လယ် ကမ်းရိုးတန်းမှာ တည်ရှိတဲ့ မြို့ပြနိုင်ငံ သေးသေးလေး တစ်ခုဖြစ်ပြီး ကမ္ဘာတလွှားက ချမ်းသာကြွယ်ဝသူတွေ အခြေချ နေထိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိုနာကိုမှာ မှုခင်းတွေ အရမ်းနည်းပါးပြီး အေးချမ်းတာကြောင့် အခုဗုံးခွဲမှုဟာ ဒေသခံတွေကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။
မိုနာကိုနဲ့ ပြင်သစ် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုတွေအရ ဗုံးခွဲမှု ကျူးလွန်ခဲ့သူဟာ အသက် ၃၉ နှစ်အရွယ် ယူကရိန်း အမျိုးသမီး အနာစတေးရှား ဘီရီဇော့ဗ်စကာ ဖြစ်တယ်ဆိုတာကို ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။ သူဟာ တိုက်ခိုက်မှုအပြီး ပြင်သစ်နိုင်ငံဖက်ထဲ ထွက်ပြေး ဝင်ရောက်သွားပြီး အဲဒီကနေတဆင့် ဥရောပ နိုင်ငံတွေဆီ ရောက်ရှိသွားတယ်လို့ သိရှိလာရတာကြောင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ကိုပါ ဆက်သွယ်ပြီး ဖြန့်ကျက် ရှာဖွေခဲ့ပါတယ်။

Public Service Announcement
ဇူလိုင် ၈ ရက်မှာတော့ ယူကရိန်းထောက်လှမ်းရေးဌာန (SBU)က မြို့တော် ကိယက်ဗ်နားမှာ ဘီရီဇော့ဗ်စကာရဲ့ အလောင်းကို ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ ရှာတွေ့ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဥရောပ နိုင်ငံတွေကြား စိတ်ဝင်စားမှု မြင့်တက်နေတဲ့ မိုနာကို ဗုံးခွဲမှုမှာ နောက်ဆက်တွဲ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။
ယူကရိန်း အစိုးရ ရှေ့နေတွေက အမျိုးသမီးဟာ ဗုံးခွဲမှုအပြီး ၂ ရက်အကြာမှာ ယူကရိန်းဆီ ပြန်ရောက်လာတယ်လို့ ယူဆရကြောင်း၊ သူ့ကို သတ်ဖြတ်တယ်လို့ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ပြောပါတယ်။ အဲဒီအမျိုးသား နှစ်ဦးက ဘီရီဇော့ဗ်စကာဆီကို ခရစ္စတို ငွေကြေးတွေ ပို့ဆောင်ခဲ့သလို ဘဏ်ကနေ ငွေလွှဲတာတွေလည်း လုပ်ထားတဲ့အတွက် သူတို့နှစ်ဦးက ဗုံးခွဲမှုမှာ ကြံရာပါတွေ ဖြစ်သလား ဆိုတာကို စစ်ဆေးနေတယ်လို့ SBUက ဆိုပါတယ်။
အစိုးရ ရှေ့နေတွေရဲ့ ထုတ်ပြန်ချက်မှာတော့ သွေးတွေစွန်းပေးနေတဲ့ စစ်ကြောနှိပ်စက်ရေး အခန်းတစ်ခုရဲ့ ဗီဒီယိုလည်း ပါဝင်လာပါတယ်။ အဲဒီနေရာမှာ တူတွေနဲ့ တခြား ပစ္စည်း ကိရိယာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီအခန်းကို အဖမ်းခံရသူတွေနဲ့ ဆက်စပ်ပြီး ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။ အဖမ်းခံရသူ နှစ်ဦးထဲက တစ်ယောက်ဟာ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လက်ရှိ ဝန်ထမ်းတစ်ဦးလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒီအရှုပ်တော်ပုံဟာ ယူကရိန်းအတွက် နိုင်ငံရေးအရ ကြီးမားတဲ့ သက်ရောက် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ တကယ်လို့ ယူကရိန်း ထောက်လှမ်းရေးကသာ မိုနာကို ပိုင်နက်ထဲက ဗုံးခွဲမှုနဲ့ ပတ်သက်ဆက်နွှယ်နေကြောင်း အထောက်အထား တစ်ခုခု ထွက်ပေါ်လာရင် ယူကရိန်း အစိုးရဟာ မိတ်ဖက် အနောက်ဥရောပ နိုင်ငံတွေနဲ့ အကြီးအကျယ် မျက်နှာပျက်ရဖွယ် ရှိနေပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လေယာဉ်ပစ် ဒုံးကျည်တွေ ပိုမိုဖြည့်တင်းပေးဖို့ NATO မဟာမိတ် ညီလာခံမှာ အနောက်မဟာမိတ် နိုင်ငံတွေကို အလေးအနက် တောင်းဆိုနေချိန်မှာပဲ အခုကိစ္စ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
မိုနာကို အစိုးရခေါင်းဆောင် မင်းသားကြီး ဒုတိယ အဲလ်ဘတ်က ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး စက်ဆုပ်စရာ လုပ်ရပ်တစ်ခုလို့ စွပ်စွဲခဲ့ပြီး သူ့နိုင်ငံလေးရဲ့ လုံခြုံရေး ယူနစ် အားလုံးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်သလို တုံ့ပြန်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ယာမိုလိုင်ယက်ဗ်ဟာ ယူကရိန်း လုပ်ငန်းရှင် သူဌေးကြီး ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဆိုက်ပရပ်စ် နိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူပြီး မိုနာကိုမှာ အခြေချ နေထိုင်နေတာပါ။ သူဟာ ရုရှားအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်နွှယ် ပတ်သက်မှုတွေကြောင့် ယူကရိန်း အစိုးရရဲ့ နာမည်ပျက်စာရင်း အသွင်းခံထားရသူလည်း ဖြစ်ပါတယ်။
ကိုးကား: Guardian


















































