အီရန်မှာ နှစ်ရက်ဆက်တိုက်အဖြစ် အမေရိကန်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ကို ဒီညလည်း ခပ်ပြင်းပြင်း ထိုးနှက်မယ်လို့ ဇူလိုင် ၈ ရက်နေ့မှာ ပြောကြားခဲ့တဲ့နောက် ညပိုင်းမှာ တိုက်ခိုက်မှု အသစ်တွေ ထပ်လုပ်ခဲ့တာပါ။ အီရန် တောင်ပိုင်းမှာရှိတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့ရေးဆိုင်ရာ အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်မှာ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘော ၃ စီး ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်း အမေရိကန်က အခုလို အကြမ်းနည်းနဲ့ တုံ့ပြန်လာတာ ဖြစ်ပါတယ်။
ဇူလိုင် ၇ ရက် ညပိုင်းက အမေရိကန်ဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စခန်းတွေ၊ ဒုံးကျည်နဲ့ ဒရုန်းပစ်လွှတ်တဲ့ နေရာတွေ၊ ကမ်းရိုးတန်း ရေဒါစခန်းတွေကို ဗုံးကြဲခဲ့ပြီး ဇူလိုင် ၈ ရက် ညမှာလည်း အီန်တောင်ပိုင်း ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ဆီရစ်ခ်နဲ့ ဘန်ဒါ အဘက်စ်တို့ အပါအဝင် စစ်ရေးပစ်မှတ်တွေကို ထပ်မံ တိုက်ခိုက်ခဲ့တာပါ။
ဒါဟာ သင်္ဘောတွေကို အီရန်က ဗုံးခွဲတဲ့ လုပ်ရပ်အတွက် လက်တုံ့ပြန်တာ ဖြစ်ကြောင်း၊ ဒါမျိုး ထပ်ဖြစ်ရင် အမေရိကန်ရဲ့ တုံ့ပြန်မှုကလည်း ပိုဆိုးလာဦးမှာဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ သတိပေး ရေးသားထားခဲ့ပါတယ်။

Public Service Announcement
အီရန်ဖက်ကတော့ ဇူလိုင် ၈ ရက် တိုက်ခိုက်ခံရမှုတွေ အပြီးမှာ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ ဇူလိုင် ၇ ရက် တိုက်ခိုက်မှုတွေတုန်းကတော့ အမေရိကန်ဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တာလို့ အီရန်က စွပ်စွဲခဲ့သလို ဒီထက်လွန်ကဲလာရင် ကျိန်းသေပေါက် လက်စားချေမယ်လို့ ခြိမ်းခြောက်ထားဖူးပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် CENTCOMက လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုတွေကို အီရန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းဟာ ဇူလိုင် ၇ ရက်နဲ့ ၈ ရက် တိုက်ခိုက်မှုတွေကြောင့် ပိုမို ဆုတ်ယုတ် အားနည်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အရေးပါတဲ့ နိုင်ငံတကာ ရေလမ်းကြောင်း တစ်ခုမှာ ခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ရန်လို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အတွက် အီရန်ကို တာဝန်ယူဖို့ အမေရိကန်က အရေးယူ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း CENTCOMက ဆိုပါတယ်။
အီရန် အစိုးရ မီဒီယာက ဘန်ဒါ အဘက်စ်မှာ ပေါက်ကွဲသံ ၈ ကြိမ်လောက် ကြားခဲ့ရပြီး ဆီရစ်ခ်နဲ့ ဂျက်စ်ခ်မှာရှိတဲ့ ဆိပ်ကမ်းတွေကို ဒုံးကျည် တစ်စင်းဆီ ထိမှန်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ပြီး အီရန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ကြား ကာလရှည်ကြာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အဘူမူဆာ ကျွန်းကိုလည်း နှစ်ကြိမ် ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
ဘန်ဒါ အဘက်စ်မှာ လေကြောင်းကာကွယ်ရေး စနစ်တွေကို အသက်သွင်းထားကြောင်း အီရန် မီဒီယာတွေက ဖော်ပြခဲ့ပြီး အမေရိကန် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက် ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ဘူရှာဟာမှာ ရှိနေတဲ့ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ စစ်တန်းလျား တစ်ခုလည်း ပျက်စီးခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။
ကိုးကား: BBC


















































