NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စိတ်အပြောင်းအလဲ မြန်ဆန်မှုတွေက အဖွဲ့ဝင် နိုင်ငံတွေအတွက် မျက်စိလည်စရာ ဖြစ်ခဲ့ပါတယ်။
ဇူလိုင် ၈ ရက်နေ့က တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်မှာ ကျင်းပတဲ့ NATO ထိပ်သီး ညီလာခံ မတိုင်ခင်မှာ ထရမ့်ဟာ ဥရောပ စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေအပေါ် အတော်လေး သဘောထား တင်းတင်းမာမာ ဝေဖန်ခဲ့ပါတယ်။ အထူးသဖြင့် အီရန်စစ်ပွဲမှာ အမေရိကန်ကို စစ်ရေးအရ အကူအညီ မပေးခဲ့တဲ့ NATOရဲ့ ဆုံးဖြတ်ချက်ကို ထရမ့်က ရှုတ်ချခဲ့သလို အမေရိကန်ဟာ NATOကနေ နုတ်ထွက်ဖို့ စဉ်းစားနေပြီဆိုတဲ့ သဘောမျိုးပါ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါတင် မကသေးဘဲ အစည်းအဝေး မစခင် နာရီပိုင်း အလိုထိလည်း NATOအပေါ် သဘောထား တင်းမာတဲ့ စကားတွေ ပြောနေခဲ့ပါသေးတယ်။
ဒါကြောင့်လည်း တူရကီမှာ ထရမ့်နဲ့ မျက်နှာစုံညီ တွေ့ဆုံတဲ့အခါ အမေရိကန် သမ္မတဆီက အတိုင်းအတာ တစ်ခုထိ ဒေါနဲ့မောနဲ့ ခြိမ်းခြောက်တာမျိုး၊ ဆူပူတာမျိုးကို NATOနိုင်ငံ အကြီးအကဲတွေက ကြိုတင် မျှော်လင့်ထားခဲ့ကြောင်း သံတမန်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါပေမဲ့ ဇူလိုင် ၈ ရက်နေ့က NATO အစည်းအဝေးကို ရုပ်သိမ်းတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ထရမ့်က ကောင်းမွန်တဲ့ ဆွေးနွေးမှုမျိုး ဖြစ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲ ခန်းမထဲမှာ စည်းလုံးမှုနဲ့ ချစ်ခြင်းမေတ္တာ အငွေ့အသက်တွေ လွှမ်းခြုံနေခဲ့ကြောင်း သတင်းထောက်တွေဆီ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement
ဒါတင် မကသေးဘဲ တံခါးပိတ် ဆွေးနွေးမှုတွေ အတွင်းမှာလည်း ထရမ့်က ရွှင်ရွှင်လန်းလန်း ရှိနေခဲ့သလို အမေရိကန်ဟာ NATO မဟာမိတ် အဖွဲ့ထဲမှာ ဆက်ရှိနေချင်ပါတယ်လို့ အာမခံ ကမ်းလှမ်းပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။ “ကျုပ်တို့က ခင်ဗျားတို့နဲ့အတူ ဆက်ရှိချင်ပါတယ်”လို့ ထရမ့်က ပြောခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခွင့် ရခဲ့သူ သတင်းရင်းမြစ် တစ်ဦးက AFP သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။
ဒါပေမဲ့ NATOအပေါ် ထရမ့်ရဲ့ သဘောထားက တစ်နေကုန် ကြည်ကြည်သာသာ ရှိနေခဲ့တာလည်း မဟုတ်ပြန်ပါဘူး။ ဆွေးနွေးပွဲ မတိုင်ခင် အဲဒီနေ့ အစောပိုင်းမှာတင် ထရမ့်က အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ မဟာမိတ် နိုင်ငံတွေက အမေရိကန်ကို ကူညီဖို့ ပျက်ကွက်ခဲ့တာကို ဝေဖန်ခဲ့သလို အီရန်စစ်ပွဲကို အတော်လေး ကန့်ကွက်ခဲ့တဲ့ စပိန်ကိုလည်း ကုန်သွယ်ရေး ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ နောက်ပြီး NATO အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်တဲ့ ဂရင်းလန်ကျွန်းကို လက်လွှဲသိမ်းယူဖို့ အမေရိကန်က လိုလားနေဆဲလို့ ပြောခဲ့ပါသေးတယ်။
ဂရင်းလန် ကိစ္စမှာ အမေရိကန်နဲ့ အတူ ရပ်တည်မပေးတာရော၊ အကြမ်းဖက် အားပေး နံပါတ်တစ် နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ကိစ္စမှာ အမေရိကန်ကို မကူညီခဲ့တာရောအတွက် NATOအပေါ် သူအရမ်းစိတ်ပျက်နေကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
နောက်ထပ် နာရီပိုင်းအကြာ အစည်းအဝေး စချိန်မှာတော့ အဲဒီစကားတွေကို သူဘယ်တုန်းကမှ မပြောခဲ့သလိုမျိုး ထရမ့်က သဘောကောင်းနေခဲ့တာကြောင့်လည်း NATO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ မျက်စိလည်ခဲ့တာ ဖြစ်ပါတယ်။
AFPနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းရင်းမြစ်ကတော့ လူကြားသူကြားထဲမှာ ထရမ့်ပြောတဲ့ စကားတွေက အစည်းအဝေး ခန်းမထဲမှာ ပြောဆိုနေတာတွေနဲ့ အင်မတန် ကွာခြားကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ အစည်းအဝေး ခန်းထဲမှာ အီရန်ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်က ပြောဆိုခဲ့တာ တချို့ရှိပေမယ့် အရမ်း ကြမ်းကြမ်းတမ်းတမ်း မဟုတ်ကြောင်း၊ စပိန်နဲ့ ဂရင်းလန် ကိစ္စတွေကိုတော့ တစ်ခွန်းမှ မဟခဲ့ကြောင်း သိရပါတယ်။
အက်စ်တိုးနီးယား ဝန်ကြီးချုပ် ခရစ္စတန် မစ်ချယ်လ်က ထရမ့်ရဲ့ အစည်းအဝေး လေယူလေသိမ်းဟာ အများကြီး ပျော့ပျောင်းခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပြီး သမ္မတ ထရမ့်ဟာ အပြုသဘောဆောင်တဲ့ သတင်းစကား တစ်ခုကို ပေးပို့နိုင်ဖို့ အာရုံစိုက်ခဲ့ကြောင်း၊ အဲဒါက ဥရောပ အနေနဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ပိုမို ရင်းနှီးမြှုပ်နှံဖို့ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: AFP


















































