ဒေါ်နယ်လ်ထရမ့်အပေါ် အယုံအကြည် မရှိပေမယ့် အမေရိကန် နိုင်ငံကိုတော့ စစ်မှန်တဲ့ မိတ်ဆွေအဖြစ် ယူကရိန်းပြည်သူ အများစုက ဆက်လက် ယုံကြည်ထားဆဲလို့ စစ်တမ်းတစ်ခုက ညွှန်ပြခဲ့ပါတယ်။
ဇူလိုင် ၈ ရက်နေ့တုန်းက တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ ကျင်းပခဲ့တဲ့ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံမှာ အမေရိကန် သမ္မတ ထရမ့်က သူနဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကြားမှာ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ယူကရိန်း ပြည်သူတွေကိုလည်း ထူးကဲကောင်းမွန်တဲ့ ပြည်သူတွေလို့ ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အမေရိကန် သမ္မတ ရာထူးကို ဒုတိယအကြိမ် ရယူပြီးကာစ ကာလတွေတုန်းက အိမ်ဖြူတော်မှာ ဇီလန်စကီးနဲ့ လူသိရှင်ကြား ကတောက်ကဆ ဖြစ်ခဲ့ဖူးသလို ယူကရိန်း သမ္မတဟာ ကျေးဇူးမသိတတ်သူလို့တောင် ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းအတွက် ဘာနိုင်ဖဲမှ မရှိဘူးလို့လည်း ထရမ့်က ပြောကြားဖူးပါတယ်။
မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခု အရတော့ ယူကရိန်း ပြည်သူတွေဟာ ထရမ့်ရဲ့ အဲဒီ စကားတွေကို မေ့သေးတဲ့ပုံ မပေါ်ပါဘူး။ ထရမ့်က လက်ရှိ ယူကရိန်းနဲ့ ဆက်ဆံရေးကို အပေါင်းလက္ခဏာ ရှုထောင့်ဖက်ကနေ ပြောဆိုနေပေမယ့် ကိယက်ဗ် နိုင်ငံတကာ လူမှုရေးသိပ္ပံ အင်စတီကျု ကောက်ယူတဲ့ စစ်တမ်းမှာတော့ ဖြေဆိုသူ ယူကရိန်း ပြည်သူ တော်တော်များများက ထရမ့်ကို အပြည့်အဝ မယုံကြည်တဲ့ သဘောထားတွေ အသီးသီး ပေးခဲ့ပါတယ်။

Public Service Announcement
အဲဒီစစ်တမ်းကို ယူကရိန်း အစိုးရ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဇွန်လ ၉ ရက်ကနေ ၂၆ ရက်နေ့အတွင်း ကောက်ယူခဲ့ပြီး စုစုပေါင်း ၁၈၀၁ ဦး ပါဝင် ဖြေကြားခဲ့ပါတယ်။ အဲဒီထဲက ၁၇ ရာခိုင်နှုန်းကသာ ထရမ့်ကို ယူကရိန်းအတွက် စစ်မှန်တဲ့ မိတ်ဆွေအဖြစ် ရှုမြင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ သုံးပုံတစ်ပုံလောက်က ထရမ့်ဟာ ယူကရိန်းရဲ့ ရန်သူလို့တောင် ဖြေကြားခဲ့ပြီး လေးပုံတစ်ပုံက ထရမ့်ဟာ ရန်သူတစ်ပိုင်း၊ မိတ်ဆွေတစ်ပိုင်းလို့ သုံးသပ်ခဲ့ပါတယ်။ တူညီတဲ့ အချိုးအစားကပဲ ထရမ့်နဲ့ ပတ်သက်ပြီး မှတ်ချက် မပေးတတ်တော့ဘူးလို့ ဝန်ခံကြပါတယ်။
ထရမ့်ဟာ ဂျိုးဘိုင်ဒန် လက်ထဲကနေ အမေရိကန် သမ္မတ နေရာကို လက်ခံယူခဲ့ပြီးချိန်ကစလို့ ယူကရိန်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေကို လျှော့ချခဲ့သလို ရုရှားနဲ့ စစ်ပြေငြိမ်းရေးအတွက် နယ်မြေတွေ လက်လွှတ်ပေးဖို့ပါ ယူကရိန်း အစိုးရကို ဖိအားပေးခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဥရောပ ရန်ပုံငွေနဲ့ ယူကရိန်းက အမေရိကန် စစ်လက်နက်တွေ ဆက်လက် ဝယ်ယူမှုကို ခွင့်ပြုပေးထားသလို ယူကရိန်းအတွက် ထောက်လှမ်းရေး အကူအညီတွေ ဆက်ပြီး ပေးအပ်ထားပါတယ်။ ပြီးတော့ ယူကရိန်း စစ်ပွဲအပေါ် အကြောင်းပြု သတ်မှတ်ထားတဲ့ ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကိုလည်း ဆက်ပြီး ထားရှိခဲ့ပါတယ်။
စစ်တမ်းအရ ထရမ့်ရဲ့ အစိုးရ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်နိုင်ခြေအပေါ် ယူကရိန်း ပြည်သူတွေရဲ့ ယုံကြည်မှုကလည်း အတော်လေး နည်းပါးနေတာကို တွေ့ရပါတယ်။ စစ်တမ်းဖြေဆိုသူ သုံးပုံတစ်ပုံလောက်ကသာ အမေရိကန် အစိုးရရဲ့ ညှိနှိုင်းရေး အားထုတ်မှုတွေအပေါ် အတိုင်းအတာ တစ်ခုထိ ယုံကြည်ကြောင်း ဖြေကြားခဲ့ပြီး ၅၇ ရာခိုင်နှုန်းကတော့ လုံးဝ မယုံကြည်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ၂ ရာခိုင်နှုန်းကသာ အမေရိကန် ဦးဆောင်တဲ့ စေ့စပ်ဆွေးနွေးမှု လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်တယ်လို့ စစ်တမ်းဖြေဆိုခဲ့ပါတယ်။
ယူကရိန်းပြည်သူ အများအပြားက အမေရိကန်ရဲ့ လက်ရှိ နိုင်ငံခြားရေး မူဝါဒတွေကိုလည်း သဘောမကျကြပါဘူး။ ၇ ရာခိုင်နှုန်းကသာ အမေရိကန်ဟာ ကမ္ဘာ့အရေးတွေမှာ အပေါင်းလက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့ပြီး ၆၂ ရာခိုင်နှုန်းကတော့ ရောထွေးတဲ့ ခံစားချက်တွေ ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
ထရမ့်နဲ့ သူ့အစိုးရအပေါ် မယုံကြည်တဲ့ အမြင်မျိုး ရှိနေပေမယ့် အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေကတော့ ယူကရိန်းအတွက် စစ်မှန်တဲ့ မိတ်ဆွေလို့ စစ်တမ်းဖြေဆိုသူ ၇၃ ရာခိုင်နှုန်းက ထောက်ခံခဲ့ပါတယ်။ ၄ ရာခိုင်နှုန်းကသာ အမေရိကန်ကို ရန်သူအဖြစ် ရှုမြင်ပြီး ၁၁ ရာခိုင်နှုန်းက မိတ်ဆွေတစ်ပိုင်း၊ ရန်သူတစ်ပိုင်းလို့ သတ်မှတ်ထားပါတယ်။
စစ်တမ်းအရတော့ ယူကရိန်းပြည်သူ အများစုဟာ ထရမ့်နဲ့ သူ့အစိုးရကို အမေရိကန်နိုင်ငံနဲ့ သီးခြားစီ ခွဲပြီး ရှုမြင်တာကို တွေ့ခဲ့ရပါတယ်။
ကိုးကား: Conversation


















































