Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်ကြောင်း အီရန် ကြေညာ၊ အမေရိကန်ကလည်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေ

အမေရိကန်နဲ့ တင်းမာမှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။ အမေရိကန်ကလည်း အီရန်ကို တိုက်ခိုက်မှု အသစ်တွေ ဆက်လက် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်နဲ့ တင်းမာမှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။ အမေရိကန်ကလည်း အီရန်ကို တိုက်ခိုက်မှု အသစ်တွေ ဆက်လက် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

အီရန်တောင်ပိုင်းမှာ တည်ရှိတဲ့ နိုင်ငံတကာ စွမ်းအင်တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်မှာ ဖြတ်သန်းသွားတဲ့ အရပ်ဖက် ရေယာဉ်တွေကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြီး အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို အမေရိကန်က စတင် တိုက်ခိုက်လာခဲ့ပါတယ်။ အီရန်ကလည်း ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို လက်တုံ့ပြန်ခဲ့ပါတယ်။

အခြေအနေတွေ တင်းမာလာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ ဆက်လက် ဆွေးနွေးနေမှာ ဖြစ်ပေမယ့်လည်း နှစ်နိုင်ငံကြားက အပစ်ရပ် သဘောတူညီမှုကတော့ ပြီးဆုံးသွားပြီလို့ အခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။ အီရန်ရဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကလည်း အလျှော့မပေးတဲ့ တုံ့ပြန်မှုအဖြစ် ဟောမုဇ် ရေလက်ကြားကို နောက်ဆက်တွဲ ထုတ်ပြန်ချက် တစ်ခုခု ထွက်မလာခင်ထိ အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ဇူလိုင် ၁၂ ရက် မနက်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

အီရန်ကို ဇူလိုင် ၁၁ ရက်နေ့မှာ နောက်ထပ် တိုက်ခိုက်မှု အသစ်တွေ လုပ်ဆောင်တာဟာ ဟောမုဇ်မှာ ဖြတ်သန်းသွားတဲ့ ရေယာဉ်တစ်စီးကို ထပ်ပြီး ပစ်မှတ်ထားခဲ့တာကြောင့်လို့ အမေရိကန်က ကြေညာပါတယ်။ အီရန်ကတော့ အဲဒီ ရေယာဉ်ဟာ ဟောမုဇ်ကို ဖြတ်သန်းချိန်မှာ တည်နေရာပြတဲ့ စနစ်ကို ပိတ်ထားခဲ့ပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ သွေဖယ်သွားခဲ့တယ်လို့လည်း IRGCက စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ သတိပေး ခြောက်လှန့် ပစ်ခတ်မှုတွေကိုလည်း မျက်ကွယ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရပ်ဖက်ရေယာဉ် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီးမှာတော့ အခုသီတင်းပတ်အတွင်း တတိယအသုတ်အဖြစ် အီရန်မှာ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ရေးဌာန (CENTCOM)က ကြေညာပါတယ်။ အီရန်က ပစ်မှတ်ထားခဲ့တာဟာ ဆိုက်ပရပ်စ်အလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီးလို့ ဆိုပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း MV GFS Galaxy သင်္ဘောဟာ အီရန် ခရုစ်ဒုံးကျည် ထိမှန်တာ ခံရလို့ အင်ဂျင်ခန်းမှာ အတော်လေး ပျက်စီးခဲ့ပြီး ရှေ့ဆက် ခုတ်မောင်းလို့ မရတော့ဘဲ အဖွဲ့သားတွေက အသက်ကယ်လှေ အသုံးပြုပြီး ရေယာဉ်ကို စွန့်ခွာခဲ့ရကြောင်း၊ သင်္ဘောသားတစ်ဦး ပျောက်ဆုံးနေကြောင်း CENTCOMက ထုတ်ပြန်ပါတယ်။

CENTCOMဆီက ထုတ်ပြန်ချက်ကို လူမှုကွန်ရက်ပေါ်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က မျှဝေခဲ့ပြီး အီရန်ဟာ ဆိုးရွားတဲ့ လုပ်ရပ်ကို ရွေးချယ်ခဲ့ပြီး အခုတော့ အဲဒီအတွက် ပေးဆပ်နေရပြီလို့ ရေးသားထားခဲ့ပါတယ်။

လက်ရှိ စစ်ရေးတင်းမာမှုတွေ တကျော့ပြန် ဆူပွက်လာနေမှုကြောင့် အီရန်နဲ့ အမေရိကန်ကြားက ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေဟာ ကြီးကြီးမားမား ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေ ရှိနေပါတယ်။ တစ်ပတ်အတွင်း နှစ်ဖက် တိုက်ခိုက်မှုတွေအတွင်း အီရန်မှာ အနည်းဆုံး ၁၇ ဦးသေပြီး ၁၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ တစ်ဖက်မှာလည်း အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကို ပိုမို ပြင်းထန်လာမှာကို ဒေသတွင်း အမေရိကန် မဟာမိတ် နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်အပေါ် အယုံအကြည် မရှိပေမယ့် အမေရိကန် နိုင်ငံကိုတော့ စစ်မှန်တဲ့ မိတ်ဆွေအဖြစ် ယူကရိန်းပြည်သူ အများစုက ဆက်လက် ယုံကြည်ထားဆဲလို့ စစ်တမ်းတစ်ခုက ညွှန်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လက်ခံထားပေမယ့်လည်း နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကတော့ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အီရန်ရဲ့ အကြံအစည် တစ်ခုကို အစ္စရေး ထောက်လှမ်းရေးက အမေရိကန်ဆီ မျှဝေ အသိပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ရန်လိုမှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံသုံးခုကို တိုက်ခိုက်ခဲ့ကြောင်း အီရန်က အတည်ပြုခဲ့ပါတယ်။