Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပဋိပက္ခတွေ အရှိန်တက်လာပေမယ့် အီရန်နဲ့ သဘောတူညီမှု ရယူဖို့ ဖြစ်နိုင်ခြေ ရှိနေဆဲလို့ ထရမ့်ပြော

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ပိုမို အရှိန်မြင့်တက်လာပေမယ့် အီရန်နဲ့ သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့ အလားအလာ ရှိနေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ပိုမို အရှိန်မြင့်တက်လာပေမယ့် အီရန်နဲ့ သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့ အလားအလာ ရှိနေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်က အီရန်နဲ့ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့တဲ့နောက် နှစ်ဖက်ကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှုတွေ တစ်နေ့ပြီးတစ်နေ့ အရှိန်မြင့်လာနေပါတယ်။ ဇူလိုင် ၁၃ ရက်မှာတော့ အမေရိကန်ဟာ အီရန်ကို သုံးရက်ဆက်တိုက်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီနေ့မှာ အီရန်ကို ပြင်းပြင်းထန်ထန် ထိုးနှက်မှာ ဖြစ်သလို မနက်ဖြန်မှာလည်း ဆက်ပြီး တိုက်ခိုက်နေဦးမယ်လို့ ဇူလိုင် ၁၃ ရက် ညပိုင်းမှာ ထရမ့်က ကွန်ဆာဗေးတစ် နိုင်ငံရေးဝါဒစွဲ ရေဒီယို အစီအစဉ်မှူး ဟုဂျ်ဟီဝစ်တ်ကို ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပြန်လည် ပြင်းထန်လာတဲ့နောက် နိုင်ငံတကာ ရေနံစျေးကလည်း ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ တင်းမာမှုတွေ ပိုဆိုးလာနေပေမယ့် အီရန်နဲ့ သဘောတူညီမှု တစ်ခု ရယူနိုင်ဖို့ကတော့ ဖြစ်လာနိုင်ခြေ ရှိနေဆဲလို့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ ထရမ့်က သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတင် သဘောတူညီမှု တစ်ခု ရခဲ့ပြီးမှ အီရန်က ဒီကိစ္စ မဖြစ်နိုင်တော့ကြောင်းပြောပြီး ထပ်ညှိဖို့ လိုတယ်ဆိုပြီး နောက်ဆုတ်သွားခဲ့ကြောင်း သူက စွပ်စွဲခဲ့ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းမှာ သုံးရက်ဆက်တိုက်အဖြစ် အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အီရန် လက်နက်ကိုင် တပ်တွေကို အကြီးအကျယ် အထိနာစေသလို ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ အပြစ်မဲ့ အရပ်ဖက် ရေယာဉ်တွေကို အီရန်ရဲ့ ပစ်မှတ်ထား ရန်လိုနိုင်စွမ်းကို အကြီးအကျယ် ချိုးနှိမ်နိုင်ခဲ့တယ်လို့ CENTCOMက ဆိုပါတယ်။

အစောပိုင်းတုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက အီရန်ဟာ ဟောမုဇ်မှာ ဖြတ်သန်းသွားတဲ့ သင်္ဘောနှစ်စီးကို တိုက်ခိုက်ခဲ့တာကြောင့် အမှုထမ်း ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်ထားမယ်လို့ အီရန်က ကြေညာခဲ့ပြီးတဲ့နောက် မကြာခင်မှာ အခုတိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ သမ္မတ ထရမ့်ရဲ့ အမိန့်အရ အီရန်ရဲ့ ဆိပ်ကမ်းတွေကို ရေတပ်အင်အားနဲ့ ပိတ်ဆို့မှုကို ပြန်လည် စတင်မယ်လို့ အမေရိကန် စစ်တပ်က ကြေညာခဲ့ပါတယ်။ ဇူလိုင် ၁၄ ရက်မှာ အဲဒီ ပိတ်ဆို့မှု ပြန်လည် စတင်ဖွယ်ရှိပြီး ဟောမုဇ်ကို ဖြတ်သန်းလာသမျှ ကုန်တင်ရေယာဉ် အားလုံးကို အမေရိကန်က ကုန်စည်တွေရဲ့ ၂၀ ရာခိုင်နှုန်း ကောက်ယူမယ်လို့လည်း ထရမ့်က ပြောပါတယ်။

ဒါဟာ အီရန်သင်္ဘောတွေနဲ့ အီရန်ရဲ့ ဖောက်သည်နိုင်ငံတွေအတွက် ဟောမုဇ် ရေလက်ကြား အသုံးပြုခွင့်ကို တားဆီးပြီး ဖြစ်သွားစေပေမယ့် တခြားနိုင်ငံတွေကတော့ အဲဒီ ရေလက်ကြားကို အနှောင်အဖွဲ့ကင်းကင်းနဲ့ မျှမျှတတ အသုံးပြုနိုင်မယ်လို့ ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အမေရိကန်ဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ၊ ကမ်းရိုးတန်း အခြေစိုက် ရေဒါစခန်းတွေ၊ ဒရုန်းနဲ့ ဒုံးကျည်ပစ်စင်တွေ အပါအဝင် စစ်ရေးပစ်မှတ် အများအပြားကို တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သလို အီရန်ကလည်း ကူဝိတ်၊ ဂျော်ဒန်၊ ဘာရိန်းနဲ့ အိုမန်တို့မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေ၊ ရေဒါစခန်းတွေကို ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တင်းမာမှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။ အမေရိကန်ကလည်း အီရန်ကို တိုက်ခိုက်မှု အသစ်တွေ ဆက်လက် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်အပေါ် အယုံအကြည် မရှိပေမယ့် အမေရိကန် နိုင်ငံကိုတော့ စစ်မှန်တဲ့ မိတ်ဆွေအဖြစ် ယူကရိန်းပြည်သူ အများစုက ဆက်လက် ယုံကြည်ထားဆဲလို့ စစ်တမ်းတစ်ခုက ညွှန်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လက်ခံထားပေမယ့်လည်း နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကတော့ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။