အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက်နေ့တုန်းက အီရန်နိုင်ငံက ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ဘန်ဒါအဘက်စ်မှာ အမေရိကန် ရေတပ်ဟာ Corsair အမျိုးအစား ပင်လယ်ပြင်ဒရုန်း သုံးစီးကို အသုံးပြုပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အီရန် ရေတပ်ရဲ့ ရေငုပ်သင်္ဘောနဲ့ ရေယာဉ်တွေ ပြုပြင်ထိန်းသိမ်းတဲ့ သင်္ဘောကျင်း တစ်ခုကို အဲဒီ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ အမေရိကန် စစ်ရေးဗဟိုဌာန (CENTCOM)က ကြေညာခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအဖြစ် Corsair ဒရုန်းတွေကို ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အခု လက်တွေ့ တိုက်ခိုက်မှုကို အတည်ပြုနိုင်တယ်ဆိုရင် အမေရိကန် ရေတပ်ရဲ့ လက်နက်တိုက်ထဲမှာ နောက်ထပ် လက်နက် အမျိုးအစားသစ် တိုးလာတာလို့ သတ်မှတ်နိုင်ပါတယ်။
Centcomက ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ ဆိပ်ခံတွေဆီ ဒရုန်းတွေ ချဉ်းကပ်သွားတာ၊ ရေငုပ်သင်္ဘောငယ်တစ်စီး ချိတ်ဆွဲထားတဲ့ နေရာကို ဝင်တိုက်ပြီး ပေါက်ကွဲသွားတာတွေကို တွေ့ရှိခဲ့ရပါတယ်။

Public Service Announcement
Corsairဟာ ၂၄ ပေရှည်ပြီး မောင်းသူမဲ့ ခုတ်မောင်းနိုင်တဲ့ ရေပြင်သွား ဒရုန်းအမျိုးအစား ဖြစ်ပါတယ်။ Corsairတွေဟာ ဖောက်ခွဲရေးပစ္စည်း ပေါင် ၁၀၀၀ လောက်ကို တင်ဆောင်ပြီး ရေမိုင် ၁၀၀၀ လောက် အကွာအဝေးကို တစ်နာရီ မိုင် ၄၀ နှုန်းနဲ့ ခုတ်မောင်းနိုင်တယ်လို့ ဒရုန်းတွေကို ထုတ်လုပ်တဲ့ Saronic ကုမ္ပဏီက ပြောပါတယ်။
အဲဒီ ဒရုန်းတွေမှာ လက်နက် တပ်ဆင်နိုင်သလို ကင်းထောက်နဲ့ ထောက်လှမ်းရေး မစ်ရှင်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဟောမုဇ် ရေလက်ကြားနားမှာ အမေရိကန်ရဲ့ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အီရန်က ပစ်ချခဲ့တဲ့နောက် ပင်လယ်ပြင်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရေယာဉ်မှူး နှစ်ဦးကို Corsair ဒရုန်းတစ်စီးက သွားရောက် ကယ်ထုတ်ခဲ့ဖူးပါတယ်။ ဒါဟာ ရေပြင်သွား ဒရုန်းတစ်စီးကို ကယ်ဆယ်ရေး မစ်ရှင်မှာ ပထမဆုံး အသုံးပြုမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့ချိန်ကစလို့ အမေရိကန်ဟာ ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေကိုလည်း ပထမဆုံးအကြိမ်အဖြစ် စစ်ပွဲမှာ လက်တွေ့ အသုံးချလာခဲ့ပါတယ်။
ကိုးကား: Stripes


















































