ဗီယက်နမ် မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ရုတ်တရက် ရေကြီးခဲ့တာကြောင့် တောင်ပေါ်ရွာလေး တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
ဗီယက်နမ် မြောက်ပိုင်းမှာရှိတဲ့ လိုင်ချူပြည်နယ်ထဲက မွမ်ထန်ရွာလေးထဲမှာ ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းကစလို့ မိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းပြီး ရေကြီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့က ဗီယက်နမ်ရဲ့ တချို့အစိတ်အပိုင်းတွေမှာလည်း မိုးသည်းထန်မှုတွေနဲ့ ဆက်စပ်ပြီး ၇ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
မွမ်ထန်ရွာမှာတော့ ရုတ်တရက် ရေကြီးပြီး ရွာထဲက အိမ်တွေပါ ရေစီးနဲ့ မျောပါကုန်သလို အပျက်အစီးတွေလည်း စုပုံကုန်ပါတယ်။ ရွာထဲမှာ ၄ ဦးပြေီး ၄ ဦး ပျောက်ဆုံးနေကြောင်း ဗီယက်နမ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံမှာတော့ သစ်ပင်အကျိုးအပဲ့တွေ အမြောက်အမြား စုပုံနေတဲ့ နေရာနားမှာ ခါးလောက်နက်ပြီး အပြင်းအထန် စီးဆင်းနေဟန်ရှိတဲ့ ရေထဲဆင်း အလုပ်လုပ်နေတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကို တွေ့ခဲ့ရပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်ဟာ မိုးရာသီရောက်တိုင်း မုန်တိုင်းတိုက်ခတ်မှုတွေနဲ့ ရေကြီးမှုတွေဒဏ်ကို အပြင်းအထန် ခံစားရလေ့ ရှိပါတယ်။ အထူးသဖြင့် ဇူလိုင်ကနေ စက်တင်ဘာထိ အတောအတွင်း ကာလတွေမှာ ရေကြီးမှုတွေ ပိုကြုံရလေ့ ရှိပါတယ်။ အခုနှစ်အတွင်း အဓိကအားဖြင့် ရေကြီးတာ အပါအဝင် သဘာဝ ဘေးအန္တရာယ်တွေကြောင့် ဗီယက်နမ်မှာ သေဆုံးသူ ၄၈၉ ဦးထက်မနည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement
ဇူလိုင် ၁၅ ရက်နေ့ကစလို့ ဗီယက်နမ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှု နောက်ဆက်တွဲ မြေပြိုတာ၊ ရေကြီးတာတွေကြောင့် လမ်းတွေ ပျက်စီးတာ၊ ဓာတ်အား ပြတ်တောက်တာတွေ ဖြစ်ခဲ့သလို စိုက်ခင်းဧရိယာ ၂၃၈ ဟက်တာထက်မနည်း ရေမြုပ်ကုန်တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဗီယက်နမ် မိုးလေဝသ ဌာနက လာမယ့်ရက်ပိုင်းတွေအတွင်း၊ အထူးသဖြင့် နိုင်ငံမြောက်ပိုင်း ဒေသတွေမှာ ဆက်လက်ပြီး မိုးသည်းထန်နိုင်တယ်လို့ သတိပေး ကြေညာထားပါတယ်။
ကိုးကား: Reuters


















































