အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။
Area 51ဟာ အမေရိကန် လေတပ်ရဲ့ ထိပ်တန်း စစ်လက်နက်နဲ့ တိုက်လေယာဉ် မျိုးဆက်သစ်တွေ စမ်းသပ်တဲ့ နေရာအဖြစ် ယုံကြည်ရပြီး အထူးလျှို့ဝှက်တဲ့၊ လုံခြုံရေး တင်းကျပ်ထားတဲ့ ဧရိယာ တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ လေတပ်စခန်းရဲ့ လျှို့ဝှက်မှုတွေကြောင့် ဂြိုဟ်သားတွေကို ထိန်းသိမ်းထားတဲ့ နေရာဆိုတဲ့ အတည်မပြုနိုင်တဲ့ ကောလာဟလတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
Quail Springs Fireလို့ နာမည်ပေးထားတဲ့ တောမီးဟာ မိုးကြိုးပစ်ချမှု တစ်ခုကနေ စတင်ခဲ့ပြီး အခုဆိုရင် လောင်ကျွမ်းနေတာ တစ်ပတ်လောက် ကြာခဲ့ပြီးပါပြီ။
တောမီးကြောင့် မြေဧရိယာ ၁၃၅၀၀ ဧကလောက် ပျက်စီးပြာကျခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင်တွေဟာ တောမီးရဲ့ ၇ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ် ငြိမ်းသတ်နိုင်သေးတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အားပြင်းတဲ့ လေပူတိုက်ခတ်မှုတွေကြောင့်လည်း တောမီးတွေက ပိုပြီး အရှိန်ကောင်းလာနေပါတယ်။
အခုဆိုရင် Area 51နားမှာ တည်ရှိပြီး အပြင်လူတွေ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ နီဗားဒါး စစ်ရေးစမ်းသပ်မှုနဲ့ လေ့ကျင့်ရေး ဧရိယာနားထိ ရောက်ရှိနေပါတယ်။ အဲဒီနေရာကို စစ်အေးခေတ်မှာ တည်ဆောက်ခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စုနဲ့ အားပြိုင်နေချိန် ကာလတလျှောက် အမေရိကန်ရဲ့ စစ်လေယာဉ်တွေ စမ်းသပ်ပျံသန်းရာ ဇုန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
လက်ရှိ အချိန်ထိလည်း Area 51ဟာ အရမ်းလျှို့ဝှက်ပြီး အသိရခက်တဲ့ စစ်စခန်း တစ်ခုအဖြစ် တည်ရှိနေပြီး အနီးတဝိုက်မှာ သတိပေး ဆိုင်းဘုတ်တွေ၊ ခြေရာခံ ထောက်လှမ်းမှု စနစ်တွေ၊ လက်နက်ကိုင် အစောင့်တွေကို ထူထူထပ်ထပ် ချထားပါတယ်။
Area 51မှာ ဂြိုဟ်သားတွေကို ချုပ်နှောင်ထားတယ်ဆိုတဲ့ ကောလာဟလတွေ၊ ခန့်မှန်း သီအိုရီတွေကိုတော့ အမေရိကန် အစိုးရက ငြင်းဆိုထားပါတယ်။
လောလောဆယ် အမေရိကန်မှာ တောမီးတွေ ပျံ့နှံ့ လောင်ကျွမ်းနေတာက နီဗားဒါး ပြည်နယ် တစ်ခုတည်း မဟုတ်ပါဘူး။ အော်ရီဂွန် ပြည်နယ်မှာလည်း တောမီးပြဿနာနဲ့ ကြုံနေရပြီး အိမ်နီးချင်း ကနေဒါ နိုင်ငံကလည်း နေရာအနှံ့ ပျံ့နှံ့နေတဲ့ တောမီးပေါင်း ရာဂဏန်းလောက်ကို ချိုးနှိမ် ငြှိမ်းသတ်ဖို့ ကြိုးစားနေပါတယ်။
ကိုးကား: BBC

















































