Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လက်နက်တိုက်ထဲက Patriot ဒုံးခွင်းဒုံး ၁၀ ပုံ ၁ ပုံလောက် ရောင်းပေးဖို့ ယူကရိန်း သမ္မတ မေတ္တာရပ်ခံ

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။

CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ယူကရိန်းဟာ အဲဒီ အစွမ်းထက် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို အပူတပြင်း လိုအပ်နေကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ မြို့ကြီးတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။ ယူကရိန်းမှာ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေ ရှိနေပေမယ့် ထည့်သွင်းပစ်ခတ်ရမယ့် ဒုံးခွင်းဒုံးတွေ ပြတ်လပ်နေတာကြောင့် ရုရှားဒုံးကျည်တွေကို မဟန့်တားနိုင်ပါဘူး။ Patriotတွေဟာ ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို ကြားဖြတ် ပစ်ချနိုင်တဲ့ အထက်မြက်ဆုံး လေကြောင်းကာကွယ်ရေး စနစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဇီလန်စကီးကတော့ အမေရိကန် လက်နက်တိုက်ထဲမှာ ပိုင်ဆိုင်ထားတဲ့ Patriot ဒုံးခွင်းဒုံး စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံကို ယူကရိန်းဆီ ရောင်းချပေးရင်တောင်မှ ရုရှား ဒုံးကျည် တိုက်ခိုက်မှုတွေ အားလုံးကို ဟန့်တားဖို့ လုံလောက်ကြောင်း ပြောပါတယ်။ တကယ်လို့ အမေရိကန်ရဲ့ ဒုံးခွင်းဒုံး ၅ ရာခိုင်နှုန်းလောက် လက်လွှဲရယူနိုင်ရင်တောင် လာမယ့် ဆောင်းရာသီ ကာလကို ဖြတ်သန်းဖို့ ဖူလုံလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ ခုနှစ်ကနဲ့ ယှဉ်ရင် ယူကရိန်းဟာ ဒုံးခွင်းဒုံးတွေ လက်ခံရရှိမှု နှစ်ဆခွဲ ပိုနည်းသွားကြောင်း၊ တစ်ဖက်မှာတော့ ရုရှားက လအလိုက် ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု ပမာဏကို နှစ်ဆ မြှင့်တင်လာခဲ့ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

အခုနှစ် ဇူလိုင်လဟာ စစ်ပွဲ အစောပိုင်း ကာလတွေနောက်ပိုင်း ယူကရိန်းမှာ အရပ်သား သေဆုံးမှု အများဆုံးလ ဖြစ်လာခဲ့တယ်လို့လည်း ကုလသမဂ္ဂ (UN) ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အမေရိကန်ကသာ Patriot ဒုံးခွင်းဒုံး အားလုံးရဲ့ ၅ ရာခိုင်နှုန်းကို ရောင်းချပေးမယ်ဆိုရင် ဆောင်းတွင်းကာလမှာ လူ့အသက်တွေ အများကြီးကို ကယ်တင်နိုင်မှာဖြစ်ပြီး ၁၀ ရာခိုင်နှုန်းလောက် ရောင်းပေးရင်တော့ ဝင်လာသမျှ ရုရှားဒုံးကျည် မှန်သမျှကို ပစ်ချနိုင်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ လောလောဆယ် ယူကရိန်းမှာတော့ အမေရိကန် ပိုင်ဆိုင်မှုရဲ့ ၁ ရာခိုင်နှုန်းစာ ဒုံးခွင်းဒုံးတွေပဲ ရှိနေကြောင်း သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ အမေရိကန် ကိုယ်တိုင်လည်း အီရန်စစ်ပွဲကြောင့် Patriot ဒုံးခွင်းဒုံးတွေ အပါအဝင် ခဲယမ်းမီးကျောက် ပြတ်လပ်မှုတွေနဲ့ ကြုံနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီ အကျိုးဆက်က ယူကရိန်းကိုပါ တိုက်ရိုက် ထိခိုက်လာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ Patriot ဒုံးခွင်းဒုံးတွေ ကိုယ်တိုင် ထုတ်လုပ်ခွင့် လိုင်စင်ကို ယူကရိန်းဆီ ပေးအပ်မယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ် နှစ်ရက်လောက် အကြာမှာတော့ အဲဒီအကြောင်းကို တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ လေသံပြောင်းခဲ့ပါတယ်။ လေ့လာသူတွေကတော့ ယူကရိန်းစစ်ပွဲ ရပ်စဲရေးကိစ္စ ရုရှားနဲ့ စကားပြောရာမှာ ထရမ့်က အဲဒီကိစ္စကို ညှိနှိုင်းရေး အခင်းအကျင်း တစ်ခုအဖြစ် အသုံးချဖို့ ရည်ရွယ်ထားဟန်ရှိကြောင်း သုံးသပ်ထားကြပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။