ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဟောမုဇ်ဟာ အီရန်နိုင်ငံ တောင်ပိုင်း ကမ်းလွန်ရေပြင်မှာ တည်ရှိနေပြီး နိုင်ငံတကာ စွမ်းအင် တင်ပို့မှုတွေမှာ အဓိက အကျဆုံး ရေလမ်းကြောင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိ အီရန်နဲ့ အမေရိကန်တို့ စစ်ပွဲဖြစ်ပွားနေရာမှာ အီရန်ဟာ အမေရိကန်ကို ဖိအားပေးတဲ့ အနေနဲ့ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့ထားပါတယ်။
ဩဂုတ် ၁၄ ရက်နေ့မှာတော့ ထရမ့်က အီရန်ကို အမေရိကန်က အနိုင်ယူပြီးရင် သိပ်မကြာခင်မှာပဲ သူဟာ ဟောမုဇ်ကို အမေရိကန်ရဲ့ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် ကြေညာမယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်ဟာ ဆိုးဆိုးရွားရွားကြီး ရှုံးနိမ့်သွားလိမ့်မယ်လို့လည်း နယူးယောက်ပြည်နယ်မှာ ပြုလုပ်တဲ့ နိုင်ငံရေး ထောက်ခံ စုဝေးပွဲ အစီအစဉ်မှာ ထရမ့်က ထည့်သွင်း မှတ်ချက်ပေးခဲ့ပါတယ်။
အစောပိုင်းမှာလည်း ထရမ့်က ဟောမုဇ်ရေပြင်ဟာ အမေရိကန်ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပြီး အီရန်ကတော့ အဲဒီအဆိုကို ပယ်ချခဲ့ပါတယ်။

Public Service Announcement
လက်ရှိ အချိန်မှာတော့ ဟောမုဇ်ဟာ အီရန်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေပြီး အီရန်ကပဲ အပြည့်အဝ ထိန်းချုပ်ထားတာ အားလုံးလည်း တေ့ွနိုင်ကြောင်း အီရန်အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ တကယ့် အင်အား အစစ်အမှန်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီလို့လည်း သူက ဆိုပါတယ်။
အီရန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ကလည်း အီရန်က ခွင့်မပြုရင် ဘယ်ရေယာဉ်မှ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလို့ မရကြောင်း ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်ဟာ အီရန်ရဲ့ စီးပွားရေး ထိခိုက်ပြိုလဲသွားအောင် ဖိအားပေးဖို့အတွက် အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားပြီး ရေတပ်အင်အားနဲ့ ပိတ်ဆို့ထားပါတယ်။ အမေရိကန် ရေတပ်က ပိတ်ဆို့မှုကို ပိုင်ပိုင်နိုင်နိုင် ဆက်လုပ်ထားပြီး အမေရိကန် သဘောမတူရင် ဘယ်သင်္ဘောမှ ဖြတ်သန်းခုတ်မောင်းလို့ မရကြောင်း ထရမ့်က သူ့ကို အားပေး ထောက်ခံနေတဲ့ လူအုပ်ကြီးရှေ့မှာ ကြွေးကြော်သွားပါတယ်။
ကိုးကား: AFP


















































