အခုနှစ်အတွင်း အကြီးမားဆုံး စစ်ရေး တိုက်ခိုက်မှု တစ်ခုကို ယူကရိန်းက လုပ်ဆောင်ခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ဩဂုတ် ၁၆ ရက်နေ့ တိုက်ခိုက်မှုမှာ ယူကရိန်းဟာ ဒရုန်းပေါင်း ၈၂၂ စီးကို အသုံးပြုခဲ့ပြီး ၆၀၀ လောက်က မော်စကို မြို့တော်ဆီ ချိန်ရွယ် ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကြုံဖူးသမျှ ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတွေထဲက တစ်ခုကြောင့် ရုရှားမှာ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းက လတ်တလော တိုက်ခိုက်မှုတွေမှာ ပိုမို ပစ်မှတ်ထားလာနေတဲ့ ရုရှား လက္ကား ကုန်စည် အရောင်းလုပ်ငန်းစုကြီး Wildberriesရဲ့ ကုန်လှောင်ရုံကြီး တစ်ခုလည်း အခုတိုက်ခိုက်မှုမှာ ထိမှန်ပျက်စီးခဲ့ပါတယ်။ ယူကရိန်းက Wildberriesဟာ ရုရှားစစ်တပ်အတွက် ထောက်ပံ့ပို့ဆောင်ရေး အကူအညီတွေ ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဟာ ယူကရိန်းရဲ့ မြို့ကြီးတွေကို ဒုံးကျည်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာသလို ယူကရိန်းကလည်း ရုရှားနိုင်ငံ အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်းထိ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး လက်တုံ့ပြန်နေပါတယ်။

Public Service Announcement
ဩဂုတ် ၁၆ ရက်နေ့ တိုက်ခိုက်မှုမှာတော့ ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ရော့စတော့ဗ် ဒေသမှာ လူ ၅ ဦး သေဆုံးပြီး ယူကရိန်းနဲ့ ထိစပ်ရာ ဘယ်လ်ဂိုရော့ဒ်မှာ ၁ ဦး၊ မော်စကိုမှာ ၁ ဦး အသက်ဆုံးရှုံးခဲ့ကြပါတယ်။ မော်စကို မြို့လယ်နဲ့ ၂၅ ကီလိုမီတာ အကွာ၊ ကိုလီဒီနိုမှာရှိတဲ့ Wildberries ကုန်လှောင်ရုံ တစ်ခုလည်း အကြီးအကျယ် မီးလောင်ခဲ့ပါတယ်။ ယူကရိန်း လက်ချက်ကြောင့် ဒဏ်ရာရသူ အရေအတွက်ကလည်း ၄၀ ဝန်းကျင်လောက်ထိ ရှိခဲ့ပါတယ်။
Wildberriesဟာ ရုရှားရဲ့ Amazon ကုမ္ပဏီလို့ တင်စားခံရပြီး ဇူလိုင်လကစလို့ ယူကရိန်းရဲ့ ပစ်မှတ်ထားခြင်းကို ခံလာရတာ ဖြစ်ပါတယ်။ ဩဂုတ် ၁၆ ရက် တိုက်ခိုက်မှု အပြီးမှာတော့ Wildeberriesရဲ့ အကြီးဆုံး ထောက်ပံ့ပို့ဆောင်ရေး စင်တာကြီး ၁၀ ခုထဲက ၇ ခုကို လုပ်ငန်း မလည်ပတ်နိုင်အောင် ဖျက်ဆီးထားနိုင်ပြီး ဖြစ်လာတယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားရော၊ ယူကရိန်းပါ စစ်ဆင်ရေးတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။
တစ်ဖက်မှာလည်း ဩဂုတ် ၁၅ ရက်ည သန်းခေါင်ကျော်နဲ့ ဩဂုတ် ၁၆ ရက် မနက် အစောပိုင်းတွေမှာ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဖြန့်ကျက်တိုက်ခိုက်ခဲ့လို့ လူ ၇ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































