ယူကရိန်းအတွက် ဒရုန်းတွေ ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ဗြိတိန်ကို ရုရှားက သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။
မကြာသေးခင်က ရုရှားနိုင်ငံ ပိုင်နက်ထဲထိ ယူကရိန်းက တာဝေးတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ဗြိတိန်လုပ် ဒရုန်းတွေကိုပါ အသုံးပြုခဲ့ကြောင်း ရုရှားက စွပ်စွဲခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးကတော့ ဒီလုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် ဗြိတိန်ဟာ ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အလိုတူ အလိုပါ အားပေးအားမြှောက် လုပ်နေတဲ့ သဘောပဲလို့ ဩဂုတ် ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်ရဲ့ လုပ်ရပ်ဟာ ကျိန်းသေပေါက် အကျိုးဆက်တွေ ရှိလာစေမှာဖြစ်ပြီး အဲဒီအတွက်လည်း တာဝန်ယူ ဖြေရှင်းဖို့ လိုကြောင်း သံရုံးက ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်း စစ်ပွဲမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လေလေ၊ ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးလေလေ ဖြစ်လိမ့်မယ်လို့လည်း ဗြိတိန်ကို ရည်ရွယ်ပြီး ခြိမ်းခြောက်ထားခဲ့ပါတယ်။

Public Service Announcement
ဒီထုတ်ပြန်ချက်ကို တုံ့ပြန်တဲ့ အနေနဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဗြိတိန်ဟာ ယူကရိန်းနဲ့ ရင်ပေါင်တန်း ရပ်တည်နေမှာ ဖြစ်တယ်လို့ BBC သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
ယူကရိန်းမှာရော၊ ဗြိတိန်နဲ့ မဟာမိတ်တွေအပေါ်မှာပါ ရုရှားရဲ့ ရန်လိုမှုတွေကို ဆန့်ကျင်ဖို့ ဗြိတိန် အစိုးရရဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုအပေါ် ရုရှားအနေနဲ့ နည်းနည်းလေးမှ သံသယ မရှိသင့်ကြောင်း အဲဒီ အရာရှိက ပြောကြားသွားပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကျူးကျော်စစ်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းအတွက် လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းတွေကို ဗြိတိန်က ဆက်လက် ပေးအပ်နေမယ်လို့လည်း သူက ဆိုပါတယ်။
ဗြိတိန် ကုမ္ပဏီ နှစ်ခုက တည်ဆောက်တဲ့ ဒရုန်းတွေကို ယူကရိန်းဟာ ရုရှားပိုင်နက်ထဲက Wildberries ကုမ္ပဏီပိုင် ကုန်လှောင်ရုံတွေနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ အောင်အောင်မြင်မြင် အသုံးချနေတယ်လို့ သိရပါတယ်။
ရုရှားရဲ့ အကြီးဆုံး လက္ကား ကုန်စည်အရောင်းဒိုင် လုပ်ငန်းကြီးဟာ ရုရှားစစ်တပ်အတွက် ထောက်ပံ့ပို့ဆောင်ရေး အကူအညီတွေ ပေးနေတယ်လို့ စွပ်စွဲပြီး ယူကရိန်းက အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ယူကရိန်းဟာ ရုရှား ရေနံချက် စက်ရုံတွေနဲ့ ဆိပ်ကမ်းတွေကို တိုက်ခိုက်ရာမှာလည်း ဗြိတိန်လုပ် ဒရုန်းတွေကို အသုံးပြုနေပါတယ်။
ဗြိတိန် စစ်ဘက် အရာရှိ တစ်ဦးကလည်း ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ ဗြိတိန်လုပ် ဒရုန်းတွေကို အသုံးပြုနေကြောင်း အတည်ပြုခဲ့ပြီး အဲဒီ စစ်ဆင်ရေးတွေအတွင်း ရုရှားအတွက် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၃၅ ဘီလီယံလောက် ကြုံတွေ့ထားတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: BBC


















































