အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ အထိတ်တလန့် စုပြုံတိုးဝှေ့ပြီး ပိမိနင်းမိကြလို့ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဘီဟာပြည်နယ်၊ လက်ခီဆာရိုင် ခရိုင်ထဲက အရှိုခ်ဒမ် ဘုရားကျောင်းထဲမှာ ဝတ်ပြုသူတွေ အများအပြား ရှိနေချိန် ဩဂုတ် ၁၇ ရက်နေ့တုန်းက အဲဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။ သီဝ နတ်ဘုရားကို ရေဆက်ကပ်တဲ့ ဘာသာရေး ပွဲတော် တစ်ခုအတွက် ဘုရားကျောင်းထဲမှာ ဝတ်ပြုသူတွေ စည်ကားနေတဲ့အချိန် ဓာတ်တိုင်တစ်ခု လဲကျရာက လူအများ ကြောက်လန့်တကြား ပြေးလွှားကြရင်း ဖြစ်ရပ်ဆိုး ကြုံခဲ့တာလို့ ရဲအရာရှိ တစ်ဦးဖြစ်တဲ့ သီဗမ်ကူးမားက ပြောပါတယ်။
ဒါပေမဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးမှသာ တိတိကျကျ ပြောနိုင်မယ်လို့လည်း သူက ဆိုပါတယ်။ လူအုပ်ကြီးရဲ့ တွန်းထိုးမှုကြောင့် ဘေးနားက အကာအရံ အတားအဆီးတစ်ခုလည်း ကျိုးသွားပြီး လူတွေ ပိမိခဲ့ကြတာ ဖြစ်ပါတယ်။ သေဆုံးသူ ၇ ဦး စာရင်းရထားပြီး နောက်ထပ် ၁၉ ဦးကိုတော့ ဆေးရုံမှာ ကုသပေးနေရပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးခဲ့ရသူတွေ၊ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်။ သူက ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်လည် သက်သာလာဖို့ ဆုတောင်းပေးကြောင်းနဲ့ နစ်နာသူတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက အကူအညီတွေ ပေးနေကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
ဘီဟာပြည်နယ် ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မကြာခင် ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးထားပါတယ်။
အိန္ဒိယမှာတော့ ဘာသာရေး ပွဲတော်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် လူတွေ တိုးဝှေ့ရင်း သေဆုံးကြတဲ့ ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့ပါတယ်။ မနှစ်က ဇန်နဝါရီလတုန်းက ဘာသာရေး ပွဲတော်တစ်ခုမှာ လူတွေ ထောင်သောင်းချီ မြစ်ထဲ ရေဆင်းချိုးကြရင်း နင်းမိပိမိကြရာက လူ ၃၀ လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကလည်း မက်ဒ်ယာ ပရာဒက်ရှ် ပြည်နယ်ထဲက ဟိန္ဒူ ဘုရားကျောင်း ဝင်းထဲမှာ တံတားကျိုးမှာ ကြောက်လို့ လူတွေ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ပြီး လူ ၁၁၅ ဦးထက်မနည်း မြစ်ထဲပြုတ်ကျ သေဆုံးခဲ့ပါတယ်။
ကိုးကား: DW၊ AP


















































