အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ဒေသလုံခြုံရေးအတွက် အထူးအရေးတကြီး လိုအပ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်ကိုရီးယားနဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို လျှော့ချဖို့ အမေရိကန် စစ်တပ်ကို ညွှန်ကြားခဲ့သလို အီရန်စစ်ပွဲမှာ အမေရိကန်ကို မကူညီခဲ့တဲ့ တောင်ကိုရီးယားအပေါ် ပြစ်တင် ဝေဖန်ခဲ့တဲ့နောက် ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက အခုလို မှတ်ချက် ပေးလာခဲ့တာ ဖြစ်ပါတယ်။
ဩစတြေးလျ နိုင်ငံကို ရောက်ရှိနေတဲ့ ကိုအိဇုမိက ဂျပန် အစိုးရဟာ အစဉ်အလာ မဟာမိတ် အမေရိကန်နဲ့ အိမ်နီးချင်း တောင်ကိုရီးယားတို့ကြားက ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို အလေးအနက် အားပေး ထောက်ခံနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း လုံခြုံရေးဆိုင်ရာ အရှုပ်ထွေးဆုံး နောက်ခံ အခြေအနေတွေနဲ့ ကြုံနေရတဲ့ အချိန်မှာ ဂျပန်-အမေရိကန်-တောင်ကိုရီးယားတို့ကြားက ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေးတွေအတွက် အထူးတလည် အရေးကြီးတယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

Public Service Announcement
ထရမ့်က တောင်ကိုရီးယားကို ဝေဖန်ခဲ့ရုံသာ မကဘဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုပါ ပုဂ္ဂိုလ်ရေးအရ ချီးကျူးတဲ့ သဘောထား မှတ်ချက်တွေ ပေးခဲ့ပါတယ်။
ကင်ဘာရာမြို့မှာ ကိုအိဇုမိနဲ့အတူ သတင်းထောက်တွေကို တွေ့ဆုံခဲ့တဲ့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်ကတော့ သူ့ရဲ့ အစိုးရဟာ မြောက်ကိုရီးယား နျူကလီးယားလက်နက်၊ ဒုံးကျည် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း စိုးရိမ်နေခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
စိန်ခေါ်မှု ပေါင်းစုံနဲ့ ကမ္ဘာကြီးထဲမှာမှ တချို့စိန်ခေါ်မှုတွေကို နောက်ကွယ်ကနေ အဓိက ဖန်တီးသူဟာ မြောက်ကိုရီးယား ဖြစ်တယ်လို့ သူယုံကြည်ကြောင်း မားလ်စ်က သုံးသပ်သွားခဲ့ပါတယ်။
ကိုးကား: AFP


















































