ရုရှားဆီက ခြိမ်းခြောက်သတိပေးမှုတွေ ရှိနေပေမယ့် ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် ထောက်ပံ့ ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ်က ပြောပါတယ်။
ယူကရိန်းဟာ ဗြိတိန်က ပံ့ပိုးထားတဲ့ တာဝေးပစ် ဒရုန်းတွေကို အသုံးပြုပြီး ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြှင့်လာတဲ့နောက် အခုသီတင်းပတ် အစောပိုင်းမှာ ရုရှား အစိုးရက ဗြိတိန်ကို အဲဒီကိစ္စအတွက် သတိပေးခဲ့ပါတယ်။
ဗြိတိန်အနေနဲ့ ယူကရိန်းစစ်ပွဲမှာ ထဲထဲဝင်ဝင် ပိုမိုပါဝင်ပတ်သက်လာခြင်းအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ဩဂုတ် ၁၈ ရက်မှာတော့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်းက သူ့အစိုးရဟာ စစ်ပွဲမှာ ယူကရိန်းကို ရာနှုန်းပြည့် ဆက်လက်ထောက်ခံ ကူညီနေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement
ဗြိတိန်ဟာ အပေါ်ယံလောက်ပဲ လူမြင်ကောင်းရုံ ကူညီမယ့် မိတ်ဆွေမျိုး မဟုတ်ကြောင်း၊ ယူကရိန်းအတွက် အလိုအပ်ဆုံး အချိန်တွေမှာ အသင့်ရှိနေပေးမှာဖြစ်ကြောင်း ဘန်ဟမ်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားနဲ့ ယူကရိန်းတို့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာပြီး ယူကရိန်းဟာ တာဝေးပစ် ဒရုန်းတွေကို သုံးပြီး ရုရှားရဲ့ ရေနံချက် စက်ရုံတွေ၊ ကုန်လှောင်ရုံတွေ၊ ဆိပ်ကမ်းတွေနဲ့ တခြား ပစ်မှတ်တွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့ပါတယ်။
သတင်းထောက်တွေက ရုရှားရဲ့ သတိပေး ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ ဘန်ဟမ်းက ဗြိတိန်ဟာ ယူကရိန်းက ကိုယ့်နိုင်ငံကိုယ် ကာကွယ်နိုင်ဖို့ ဆက်ပြီး အကူအညီတွေ ပေးနေမှာဖြစ်ကြောင်း၊ ဒါဟာ အရင်ဝန်ကြီးချုပ်တွေရဲ့ ရပ်တည်ချက် ဖြစ်ခဲ့သလို သူကလည်း လက်ဆင့်ကမ်း ကျင့်သုံးသွားမှာဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။
ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ပါဝင်ပတ်သက်မှုအပေါ် ရုရှားက ခြိမ်းခြောက်ခဲ့တာ အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ ဗြိတိန်က Storm Shadow ဒုံးကျည်တွေ ယူကရိန်းဆီ ထောက်ပံ့ချိန်မှာလည်း အလားတူ သတိပေးချက်မျိုး ထုတ်ပြန်ခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲကာလတလျှောက် ဗြိတိန်ဟာ အမေရိကန်၊ ဂျာမနီတို့ပြီးရင် ယူကရိန်းအတွက် အကူအညီတွေ တတိယ အများဆုံး ပံ့ပိုးခဲ့တဲ့ နိုင်ငံဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၁၈ ဘီလီယံကျော် ထောက်ပံ့ပေးထားခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: BBC


















































