အောက်တိုဘာ ၁၀၊၂၀၂၆။သုည/People’s Spring
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်မှာ ဒီနေ့မနက် (အောက်တိုဘာ ၁၀) နံနက်က EV ကား ၁စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ဝင် တိုက်မိရာ လူ ၂ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
“မနက်က ၈ နာရီလောက်ပဲ ရှိဦးမယ်။ မင်းဓမ္မလမ်း MCC ခန်းမရှေ့မှာ EV ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တာပါ။ အဲ့လမ်းက အစကတည်းက လှိုင်းတွေနဲ့ အရမ်းမကောင်းဘူး။ အရှိန်ကလည်း ပါလာတော့ တိုက်မိတာနဲ့ ကားခေါင်းခန်းတစ်ခုလုံး ပိန်ချိုင့်ပြီး ရှေ့ခန်းက နှစ်ယောက်လုံး ကားညှပ်သွားတာပါ။ မီးသတ်တွေရောက်လာပြီး ဝိုင်းဆွဲထုတ်ပေမယ့် အသက်တော့ မမှီတော့ပါဘူး။ နောက်ခန်းမှာ ပါလာတဲ့ အန်တီကြီးတွေလည်း ဒဏ်ရာပြင်းတာ တွေ့ခဲ့တယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူ အဌားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားပေါ်ပါ ယာဉ်မောင်းအမျိုးသား ၁ဦး၊ ခေါင်းခန်းမှ အမျိုးသမီး ၁ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ခန်းမှ အမျိုးသမီး ၃ ဦးလည်း ဒဏ်ရာပြင်းထန်ကြောင်း သွားရောက်ကူညီခဲ့သူ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

Public Service Announcement
“မောင်းလာတဲ့ ယာဉ်မောင်း အမျိုးနဲ့ ကားရှေ့ခန်းက လိုက်လာတဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၂ဦး ခေါင်းခန်းမှာ ညှပ်ပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပါတယ်။ နောက်ခန်းက အမျိုးသမီး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရထားပါတယ်။ အသက် ၄၀ ကျော်နဲ့ အသက် ၆၀ ကျော် အန်တီကြီးတွေပါ။ ဒဏ်ရာတော့နည်းနည်းပြင်းပါတယ်” လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဒဏ်ရာရသူ အမျိုးသမီး ၃ ဦးကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပရဟိတအဖွဲ့ဝင်က ပြောပါတယ်။



















































