Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အွန်တေရီယို ရေကန်ကို အမေရိက ရေကန်လို့ ထရမ့်နာမည်ပြောင်း၊ ကနေဒါ ကန့်ကွက်

အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းလဲ ခေါ်ဝေါ်ဖို့ အမိန့်တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းလဲ ခေါ်ဝေါ်ဖို့ အမိန့်တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

အွန်တေရီယို ရေကန်ဟာ မြောက်အမေရိကရဲ့ သဘာဝ အထင်ကရ ရေကန်ကြီး ၅ ခုထဲမှာ အသေးဆုံးဖြစ်ပြီး အမေရိကန်ရဲ့ နယူးယောက်ပြည်နယ်၊ ကနေဒါရဲ့ အွန်တေရီယို ပြည်နယ်တွေက ဝန်းရံ ထိစပ်နေပါတယ်။ ကနေဒါနဲ့ အမေရိကန်ကြား ကုန်သွယ်ရေး သဘောတူညီမှု ရရှိဖို့ ညှိနှိုင်းတာတွေ အဆင်မပြေ ဖြစ်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ ထရမ့်က ရေကန်နာမည် ပြောင်းလဲခေါ်ဆိုဖို့ အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ ကနေဒါ ကုန်စည်တွေအပေါ် အခွန်စည်းကြပ်ဖို့ ပြင်ဆင်ထားတဲ့ သူ့ရဲ့ အစီအမံတွေကို တုံ့ပြန်ဖို့ ကြိုးစားနေတဲ့ ကနေဒါ အစိုးရအပေါ် ထရမ့်ရဲ့ သရော်လှောင်ပြောင်မှု တစ်ခုလို့လည်း ယူဆရပါတယ်။ ဒါပေမဲ့ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးကတော့ အခုလို နာမည်ပြောင်းစေတဲ့ ထရမ့်ရဲ့ အမိန့်ကို လေးလေးနက်နက် အတည်ယူပြီး တုံ့ပြန် ကန့်ကွက်ခဲ့ပါတယ်။

အွန်တေရီယို ရေကန်ဆိုတဲ့ နာမည်ဟာ အတိတ်မှာရော၊ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာပါ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ကာနေးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ ၂၇ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အမေရိကန် အစိုးရဟာ အွန်တေရီယို ရေကန်ကို အမေရိက ရေကန်အဖြစ် နာမည် ပြောင်းစေမှာဖြစ်ပြီး အဲဒီသတ်မှတ်ချက်ဟာ ချက်ချင်း အသက်ဝင်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါဟာ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်လျက်နဲ့ ဘာကြောင့် ရန်သူလိုမျိုး ဆက်ဆံနေရသလဲလို့ သတင်းထောက် တစ်ဦးက မေးတဲ့အခါ ထရမ့်က ကနေဒါ အာဏာပိုင်တွေဟာ အမေရိကန်အပေါ် အရမ်းဆိုးဆိုးရွားရွား ပြုမူခဲ့ကြောင်း၊ သူတို့ဟာ လူညစ်တွေဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။

ထရမ့်ဟာ နေရာဒေသ တစ်ခုခုရဲ့ နာမည်ကို အမေရိကဆိုတဲ့ စာလုံးပါအောင် ပြောင်းလဲပစ်စေတာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ မနှစ်တုန်းကလည်း မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့လို့ နာမည်ပြောင်းလဲ ခေါ်ဝေါ်စေခဲ့တာကြောင့် မက္ကဆီကို အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် ကနေးကတော့ အွန်တေရီယို ရေကန်ဆိုတဲ့ နာမည်ကို မှည့်ခေါ်လာတာ နှစ်ပေါင်း ၄၀၀ လောက် ရှိခဲ့ပြီး ခေတ်သစ် အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေ မတည်ထောင်ခင် ကတည်းက ဖြစ်တယ်လို့ ပြောပါတယ်။ အွန်တေရီယို ဆိုတာဟာ ကနဦး အခြေချတဲ့ ဒေသခံ မျိုးနွယ်စုတွေရဲ့ စကားအရ ကြီးမားလှပတဲ့ ရေကန်ကြီးလို့ အဓိပ္ပါယ်ရကြောင်း သူက ပြောပါတယ်။

ကာနေးဟာ ထရမ့်ရဲ့ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ဖိအားပေးမှုတွေကို တင်းတင်းမာမာ တုံ့ပြန်ဖို့ ရွေးချယ်ထားပြီး အဲဒီအတွက် ပြည်တွင်းမှာ ထောက်ခံမှုတွေလည်း ရရှိနေပါတယ်။ ထရမ့်ဟာ အရင်ကလည်း ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပူးပေါင်းသင့်တယ်လို့ ပြောကြားခဲ့ပြီး ကနေဒါ အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

သူ့ရဲ့ ကုန်သွယ်ခွန် တိုးမြှင့်မှုတွေကို လက်တုံ့ပြန်လာတဲ့ ကနေဒါကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျေးလက်ဂီတ လောကရဲ့ ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်၊ တေးရေးဆရာမ ဒေါ်လီပါတန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ စီးပွားရေး လုပ်ငန်းရှင် ပရဟိတ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။

နိုင်ငံတကာ

သက်တမ်းတို ဗီဇာနဲ့ ဝင်ရောက်လာပြီးမှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ နိုင်ငံခြားသားတွေဆီက ဗီဇာ ရုပ်သိမ်းဖို့ အမေရိကန် အစိုးရက ပြင်ဆင်နေပါတယ်။