လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။
ဩဂုတ် ၄ ရက်နေ့တုန်းက သမ္မတ ဒေါ်နယ်လ်ထရမ့် လိုက်ပါလာတဲ့ Marine One ရဟတ်ယာဉ်ဟာ အိမ်ဖြူတော်ကနေ ထွက်ခွာချိန်မှာပဲ ဗာဂျီးနီးယား ပြည်နယ်ထဲက ရော်နယ်လ်ရေဂင် ဝါရှင်တန် လေဆိပ်ကနေ လေယာဉ်တစ်စီး ပျံတက်သွားခဲ့ပါတယ်။ အဲဒီ လေဆိပ်ဟာ ဝါရှင်တန်ဒီစီ မြို့တော်နဲ့ ပိုတိုမက်မြစ်သာ ခြားထားပြီး အိမ်ဖြူတော် တောင်ဖက် ၅ မိုင်လောက် အကွာမှာ တည်ရှိပါတယ်။ တပြိုင်တည်း ပျံတက်မိသလို ဖြစ်ခဲ့တာကြောင့် လေယာဉ်နှစ်စီးဟာ လုံခြုံရေးအရ သတ်မှတ်ထားတဲ့ အကွာအဝေးထက် လျော့ပြီး ၁ မိုင်လောက်ထိ နီးကပ်သွားပါတယ်။ လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်တွေအရ လေယာဉ်တွေ ပျံတက်ချိန်မှာ အနည်းဆုံး ၁ မိုင်ခွဲ ကွာဝေးရမှာ ဖြစ်ပါတယ်။
ဒါဟာ အန္တရာယ်များတဲ့ လုပ်ထုံးလုပ်နည်း လွဲချော်မှုမျိုး ဖြစ်တာကြောင့် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ (NTSB)က စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်တွေကို ဩဂုတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပုံမှန်ဆိုရင် အိမ်ဖြူတော်ကနေ Marine One ပျံတက်မယ့် အချိန်တိုင်း လေဆိပ်ဆီ ကြိုတင် အသိပေး အကြောင်းကြားပြီး လေယာဉ် အတက်အဆင်း ခရီးစဉ် အားလုံးကို ယာယီ ဆိုင်းငံ့ထားစေလေ့ ရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်စဉ်မှာတော့ Marine Oneရဲ့ အဖွဲ့သားတွေဟာ ပျံမတက်ခင် ၃ မိနစ်ကြိုပြီး လေကြောင်းထိန်းသိမ်းရေး မျှော်စင်ဆီ ရေဒီယိုနဲ့ ၂ ကြိမ်ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် ၂ ကြိမ်လုံးက မျှော်စင်ဆီ မရောက်ခဲ့ပါဘူး။

Public Service Announcement
ဒါကြောင့်လည်း လေကြောင်းထိန်းသိမ်းရေး မျှော်စင်ဟာ Marine One ပျံတက်မှာကို မသိဘဲ တခြားလေယာဉ်ကို ပျံသန်းထွက်ခွာဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ Marine One အဖွဲ့သားတွေဟာ လေဆိပ်နဲ့ မြစ်ပဲခြားပြီး တည်ရှိတဲ့ အန်နောကော့စ်ရှား လေတပ်စခန်းဆီကိုလည်း အလားတူ ဆက်သွယ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
စုံစမ်းစစ်ဆေးမှုတွေအရ အိမ်ဖြူတော်မှာ ရဟတ်ယာဉ် ဆင်းသက်တဲ့ကွင်းကို အသစ်ပြန်တည်ဆောက်နေလို့ ယာယီ နေရာတစ်ခုကို ပြောင်းလဲ အသုံးပြုရာက ရေဒီယိုလိုင်းမမိခဲ့တာ ဖြစ်နိုင်ကြောင်း အဖြေထွက်ခဲ့ပါတယ်။ အဲဒီနေရာနဲ့ လေဆိပ်ကြားမှာ အဆောက်အအုံတွေ ကာဆီးနေရာက ရေဒီယိုလှိုင်းတွေကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေးဌာန (FAA)ရဲ့ အကြီးအကဲ ဘရိုင်ယန် ဘက်ဒ်ဖို့ဒ်က အခုဖြစ်ရပ် အပြီးမှာတော့ ရေဒီယို အင်တင်နာတွေကို သင့်တော်အောင် နေရာရွှေ့ပြောင်းခဲ့သလို ဆက်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အစီအမံတွေကို ပြင်ဆင်ခဲ့ကြောင်း ပြောပါတယ်။ အခုတော့ လေဆိပ်နဲ့ အိမ်ဖြူတော်ကြား ရေဒီယို ဆက်သွယ်မှုမှာ ဘာပြဿနာမှ မရှိတော့ဘူးလို့ NTSBကလည်း အတည်ပြုခဲ့ပါတယ်။
မနှစ်က ဇန်နဝါရီလတုန်းက ဝါရှင်တန်ဒီစီမှာ အမေရိကန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်နဲ့ ကြည်းတပ်ရဲ့ UH-60 Black Hawk တိုက်လေယာဉ် တိုက်မိခဲ့တဲ့ ဖြစ်စဉ်အပြီး အဲဒီလေဆိပ်မှာ ရဟတ်ယာဉ် ပျံသန်းခွင့် အားလုံးကို FAAက အပြီးတိုင် ပိတ်ပင်ခဲ့ပါတယ်။ လေယာဉ်နဲ့ ရဟတ်ယာဉ် တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာတော့ နှစ်စီးစလုံး ပိုတိုမက်မြစ်ထဲ ပျက်ကျခဲ့ပြီး လူပေါင်း ၆၇ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: Reuters


















































