တရုတ်စစ်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးကို နိုင်ငံရဲ့ ဩဇာကြီးမားတဲ့ ဗဟို စစ်ရေး ကော်မရှင် (CMC)ကနေ ဖယ်ရှားလိုက်ကြောင်း သိရပါတယ်။
ရာထူးကြီး စစ်ဗိုလ်ချုပ်တွေဖြစ်တဲ့ ကျန်ယုရှနဲ့ လျိုကျန့်လီတို့ နှစ်ဦးကို ဥပဒေစည်းမျဉ်း အပြင်းအထန် ချိုးဖောက်မှုတွေအတွက် ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေကြောင်း တရုတ်စစ်တပ်က ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အသုံးအနှုန်းဟာ တရုတ်မှာတော့ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကို အဓိက ရည်ညွှန်းပါတယ်။
ဩဂုတ် ၂၈ ရက်နေ့မှာတော့ ကျန်ဟာ CMC အဖွဲ့ဝင် အဖြစ်ကနေ ဖယ်ရှားခံလိုက်ရကြောင်း တရုတ် အစိုးရ မီဒီယာက အတည်ပြု ဖော်ပြခဲ့ပါတယ်။ ကျန်ကို စုံစမ်းစစ်ဆေးနေကြောင်း တရားဝင် ကြေညာပြီး ၇ လ အကြာမှာ အခုလို အရေးယူမှု ပေါ်ပေါက်လာခဲ့တာပါ။
တရုတ် သမ္မတ ရှီကျင့်ဖျင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ CMCမှာ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးရှိပါတယ်။ ကျန်က ပိုပြီး လုပ်ပိုင်ခွင့် ကြီးမားတဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့တာကြောင့် တရုတ်နိုင်ငံမှာ ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ် အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးတော့ ကျန်ဟာ တရုတ်စစ်တပ်မှာ တကယ်တမ်း စစ်ရေးအတွေ့အကြုံရှိတဲ့ ရှားရှားပါးပါး စစ်ဗိုလ်ချုပ်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

Public Service Announcement
ကျန်နဲ့ လျိုတို့ကို အဂတိ စွပ်စွဲချက်နဲ့ ရာထူးကနေ ဆိုင်းငံ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ချိန်တုန်းက ဒါဟာ တရုတ်ထိပ်တန်း ဗိုလ်ချုပ်တွေနဲ့ သမ္မတ ရှီကြားက အာဏာ လွန်ဆွဲမှု တစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။
တရုတ်မှာ သမ္မတ ရှီရဲ့ လက်စွဲတော် မူဝါဒ တစ်ခုဖြစ်တဲ့ အဂတိ တိုက်ဖျက်ရေးကို အကြောင်းပြုပြီး အာဏာရပါတီ ထိပ်တန်း အရာရှိတွေ၊ စစ်ဘက်နဲ့ အရပ်ဖက် အရာရှိကြီးတွေကို အရေးယူမှုတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျန်ဟာ ရှီရဲ့ အယုံကြည်ရဆုံး လက်ရုံးတစ်ဦးလည်း ဖြစ်ခဲ့တာကြောင့် သူ့ကို စည်းမျဉ်းပိုင်းအရ အရေးယူကြောင်း သတင်းထွက်လာတဲ့အခါ အများက အံ့ဩခဲ့ကြပါတယ်။
ရှင်ဟွာ သတင်းဌာနကတော့ တရုတ်လွှတ်တော် အမြဲတမ်း ကော်မတီရဲ့ ဩဂုတ် ၂၈ ရက် အစည်းအဝေး ရလဒ်အရ ကျန်ကို CMC ဒုတိယ ဥက္ကဋ္ဌ နေရာကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။ CMCမှာ စစ်ဆင်ရေး အစီအမံတွေကို ကြီးမှူးရတဲ့ တာဝန် ယူထားခဲ့သူ ဗိုလ်ချုပ် လျိုလည်း အလားတူ ထုတ်ပယ်ခံခဲ့ရကြောင်း သိရပါတယ်။
ကိုးကား: AFP


















































