Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်လလောက် ကာလအတွင်း အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်ဖြစ်

တစ်လလောက် ရပ်နားနေတဲ့ အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေဟာ ဩဂုတ် ၃၀ ရက်နေ့မှာ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

တစ်လလောက် ရပ်နားနေတဲ့ အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေဟာ ဩဂုတ် ၃၀ ရက်နေ့မှာ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အမေရိကန် တပ်တွေက အီရန်ပိုင် လာရက်ခ်ကျွန်းမှာရှိတဲ့ ဒုံးကျည်ပစ်စင် နှစ်ခုကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် အီရန်ကလည်း ဂျော်ဒန်နိုင်ငံ ပိုင်နက်ထဲမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း နှစ်ခုကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ အီရန် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါဟာ ဇူလိုင်လကုန်နောက်ပိုင်း အမေရိကန်နဲ့ အီရန်ကြားမှာ တောက်လျှောက် ငြိမ်သက်နေခဲ့တဲ့ တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်စလာတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်အပေါ် စစ်ရေးအရ ထိုးနှက်မှုတွေကို လျှော့ချပြီး စီးပွားရေးအရ အပြင်းအထန် ဖိအားပေး အရေးယူသွားမယ်လို့ ကြေညာပြီးနောက်ပိုင်း နှစ်ဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။ ထရမ့်က အီရန်ကိုရော၊ အီရန်အတွက် အသက်ရှူပေါက်ရအောင် ကူညီပေးမယ့် ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံတွေကိုပါ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃၀ မှာတော့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေကို တိုးမြှင့်ဖို့ စီစဉ်နေပြီး အီရန်နဲ့ ဆက်စပ်တဲ့ ဆင့်ပွားပိတ်ဆို့ အရေးယူမှု အစီအစဉ်တွေကိုလည်း မကြာခင် ကြေညာနိုင်ဖွယ်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ဟာ အီဂျစ်ရဲ့ Banque Misr ကုမ္ပဏီပိုင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အခြေစိုက် လုပ်ငန်းခွဲဟာ အီရန်ကို ဘဏ္ဍာရေးအရ အကူအညီပေးနေတယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့ပါတယ်။ အီရန်ကို အကူအညီပေးတဲ့ လုပ်ငန်းတိုင်းဟာ အမေရိကန် ဒေါ်လာ အခြေပြု လည်ပတ်တဲ့ စီးပွားရေး ကွန်ရက်ကနေ ဖယ်ရှားခံရတာမျိုး ကြုံရလိမ့်မယ်လို့ ဘက်ဆန့်က သတိပေးခဲ့ပါတယ်။

ဩဂုတ် ၃၀ ရက်နေ့က လာရက်ခ် ကျွန်းပေါ်မှာရှိတဲ့ အီရန်ရဲ့ ဒုံးကျည်ပစ်စင် နှစ်ခုကို အမေရိကန်က တိုက်ခိုက် ဖျက်ဆီးခဲ့တာကတော့ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ ရေမြှုပ်မိုင်းတွေ တွဲစပ်ထားတဲ့ ဒုံးကျည်တွေကို ပင်လယ်ဖက် ပစ်ခတ်ဖို့ ပြင်ဆင်နေတာကို ကြိုတင်တားဆီးတဲ့ သဘောဖြစ်ကြောင်း အမေရိကန် စစ်ဘက် အရာရှိက ဆိုပါတယ်။

တစ်ဖက်မှာတော့ အီရန်က လက်တုံ့ပြန်ပြီး အမေရိကန် စစ်စခန်းတွေဆီ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၈ စင်းကို ဂျော်ဒန်စစ်တပ်က ကြားဖြတ် ပစ်ချခဲ့ရပါတယ်။ IRGCကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လာရက်ခ်ကျွန်းမှာ အီရန်စစ်သည်တချို့နဲ့ အရပ်သားတွေ ထိခိုက်သေကြေမှု ရှိခဲ့ပြီး အဲဒီအတွက် အမေရိကန်ကို ကျိန်းသေပေါက် ဒဏ်ခတ်မယ်လို့ ကြုံးဝါးထားပါတယ်။

အီရန်ဟာ စစ်ပွဲကာလအတွင်း အမေရိကန်ကို ဖိအားပေးဖို့အတွက် နိုင်ငံတောင်ပိုင်းက မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချထားတဲ့ နည်းလမ်းကို အသုံးပြုနေပါတယ်။ အဲဒီလို ပိတ်ထားဖို့အတွက် ဟောမုဇ်က ဖြတ်တဲ့ အရပ်ဖက် ရေယာဉ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာတင် မကဘဲ ရေမြှုပ်မိုင်းတွေပါ ထောင်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ထရမ့်က ဟောမုဇ်မှာရှိတဲ့ ရေမြှုပ်မိုင်း အားလုံးကို အမေရိကန် ရေတပ်က ရှင်းလင်းပြီးပြီဖြစ်ကြောင်း ကြေညာခဲ့သလို နောက်ထပ် ရေမြှုပ်မိုင်းထောင်မယ့် အီရန်ရေယာဉ် မှန်သမျှကို ပစ်ခတ် တိုက်ခိုက်မယ်လို့ပါ သတိပေး ပြောကြားထားပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာက စတင်ခဲ့တဲ့ စစ်ပွဲဟာ အခုလ ၂၈ ရက်နေ့မှာတော့ ၆ လတင်းတင်း ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားခဲ့တဲ့နောက် ကနေဒါကလည်း အွန်တေရီအို ရေကန်ဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြီး တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဆောင်းပါး

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ? – မဲခေါင် ရေးသားသည်။ CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး...

နိုင်ငံတကာ

အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။