အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားခဲ့တဲ့နောက် ကနေဒါကလည်း အွန်တေရီအို ရေကန်ဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြီး တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ရဲ့ နယူးယောက်ပြည်နယ်နဲ့ ကနေဒါရဲ့ အွန်တေရီအို ပြည်နယ်ကြားမှာ တည်ရှိတဲ့ သဘာဝ ရေကန်ကြီးဟာ အိမ်နီးချင်း နှစ်နိုင်ငံကြားက ဆက်ဆံရေး တင်းမာမှုတွေမှာ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်လာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်က ရေကန်နာမည်ပြောင်းခေါ်စေမယ့် အမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး ကနေဒါ အစိုးရကတော့ အဲဒီကိစ္စကို ချက်ချင်း ကန့်ကွက်ခဲ့ပါတယ်။
အခုအခါမှာတော့ အွန်တေရီယို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်ဂ်ဖို့ဒ်ရဲ့ ညွှန်ကြားချက်အရ ရေကန်ဘေးမှာ ဆိုင်းဘုတ်ကြီးတစ်ခု ထောင်ထားလိုက်ပါတယ်။ အဲဒီ ဆိုင်းဘုတ်မှာတော့ ‘အွန်တေရီယိုရေကန် – အခုရော အမြဲတမ်းပါ ဒီနာမည်ပဲ’လို့ ရေးသားထားပါတယ်။
သမ္မတထရမ့် မမွေးခင်ကတည်းက အဲဒီရေကန်ဟာ အွန်တေရီယို ရေကန်ပဲ ဖြစ်ခဲ့ကြောင်း၊ သမ္မတထရမ့် မရှိတော့မယ့် အချိန် နောက်ထပ် နှစ်တွေ အများကြီး ကြာတဲ့ထိလည်း အဲဒီနာမည်ပဲ တွင်ကျန်နေမှာဖြစ်ကြောင်း ဖို့ဒ်က ဆိုပါတယ်။

Public Service Announcement
အမေရိကန်နဲ့ ကနေဒါတို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားပြီးတဲ့နောက် အွန်တေရီယို ရေကန်ကိစ္စ အငြင်းအခုံတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ မအောင်မြင်တဲ့နောက် ထရမ့်က ကနေဒါရဲ့ ဒေါ်လာ ၂၀ ဘီလီယံဖိုးလောက် သွင်းကုန်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ပြောကြားထားသလို ကနေဒါကလည်း အဲဒီတန်ဖိုးနဲ့ အတိအကျ ညီမျှတဲ့ အခွန်စည်းကြပ်မှုတွေနဲ့ တုံ့ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။
ဩဂုတ် ၂၉ ရက်နေ့မှာ ထရမ့်ဟာ သူက အွန်တေရီယို ရေကန် ဆိုင်းဘုတ်ကို ကန်ထုတ်ပြီး ‘အမေရိက ရေကန်က ကြိုဆိုပါတယ်’ဆိုတဲ့ ဆိုင်းဘုတ်ကို အစားထိုး စိုက်ထူနေပုံမျိုး ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ ဗီဒီယို တစ်ခုကိုလည်း လူမှုကွန်ရက်မှာ တင်ထားခဲ့ပါသေးတယ်။
ဖို့ဒ်ကတော့ အွန်တေရီယို ပြည်နယ်နဲ့ ကနေဒါတို့က ကိုယ်ပိုင် အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံ ကာကွယ်ရပ်တည်နေလို့ ထရမ့်က မျက်မုန်းကျိုးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
ရေကန်နာမည် ဆိုင်းဘုတ်အသစ်ကြီး စိုက်ထူခဲ့တာနဲ့ ပတ်သက်လို့တော့ ဖို့ဒ်က သမ္မတ ထရမ့်အပါအဝင် ဒီကိစ္စကို မေ့လျော့နေသူ အားလုံးကို အွန်တေရီယို ရေကန်ဆိုတဲ့ နာမည်က အမည်တည်တံ့နေမယ့်အကြောင်း သတိပေးချင်တာကြောင့်လို့ ဖို့ဒ်က ဆိုပါတယ်။
ကနေဒါ ဝန်ကြီးချုပ် မတ်ခ် ကာနေးကလည်း အွန်တေရီယို ရေကန်ဆိုတဲ့ နာမည်ကို မှည့်ခေါ်လာတာ နှစ်ပေါင်း ၄၀၀ လောက် ရှိခဲ့ပြီး ခေတ်သစ် အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေ မတည်ထောင်ခင် ကတည်းက ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အွန်တေရီယို ဆိုတာဟာ ကနဦး အခြေချတဲ့ ဒေသခံ မျိုးနွယ်စုတွေရဲ့ ဘာသာစကားအရ ကြီးမားလှပတဲ့ ရေကန်ကြီးလို့ အဓိပ္ပါယ်ရကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။
ကိုးကား: BBC


















































