Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတဲ့နောက် အီရန်ကို အပြင်းအထန် ထိုးနှက်မယ်လို့ ထရမ့်ခြိမ်းခြောက်

တစ်လလောက်အတွင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့နောက် အီရန်ကို အပြင်းအထန် ထိုးနှက်ပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တစ်လလောက်အတွင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့နောက် အီရန်ကို အပြင်းအထန် ထိုးနှက်ပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဩဂုတ် ၃၀ ရက်နေ့တုန်းက အမေရိကန်ဟာ ဟောမုဇ် ရေလက်ကြားနားက အီရန်ရဲ့ ဒုံးကျည်ပစ်စင် နှစ်ခုကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး အီရန်ကလည်း ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြားမှာ စစ်ရေးအရ တိုက်ရိုက် တိုက်ခိုက်မှုတွေ တစ်လလောက် ငြိမ်သက်နေတဲ့ အတောအတွင်း ပထမဆုံး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်လာပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ Fox သတင်းဌာနရဲ့ ဂျာနယ်လစ် တစ်ဦးက အဲဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထားအမြင် မေးမြန်းခဲ့တဲ့အခါ ထရမ့်က အမေရိကန်ဟာ အီရန်ကို ပြင်းပြင်းထန်ထန် ထိုးနှက်မှာ ဖြစ်ကြောင်း၊ အမေရိကန်ဆီက တုံ့ပြန်မှုတစ်ခု သေချာပေါက် ရှိလာမှာဖြစ်ကြောင်း ပြန်ဖြေသွားပါတယ်။

ကာဂျစ္စတန် နိုင်ငံမှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေသူ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကတော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ ဩဂုတ် ၃၁ ရက် ညနေပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။ နားလည်မှုနဲ့ သဘောတူညီမှု တစ်ခုခု ရယူဖြေရှင်းမယ့် လမ်းကြောင်းအတွက် အီရန်က ဆက်လက် အားထုတ်နေကြောင်း၊ စစ်ပွဲ ဆက်ဖြစ်နေတာက ဘယ်ဖက်ကမှ အကျိုးမရှိဘူးလို့ အီရန်က ယုံကြည်ထားကြောင်း၊ ရှိရင်းစွဲ ပြဿနာတွေကို ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ ဩဇာကြီးမားတဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကတော့ ဂျော်ဒန်မှာရှိတဲ့ အမေရိကန် စစ်စခန်း နှစ်ခုဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရလို့ အတော်လေး ထိခိုက်ပျက်စီးသွားတယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး)ရဲ့ လေတပ်စခန်း တစ်ခုမှာ အခြေစိုက်ထားတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း IRGCက ဆိုပါတယ်။

ထရမ့်ကတော့ လမ်းကြောင်းချော်ပြီး အန္တရာယ် မရှိနိုင်လောက်ဘူးလို့ ယူဆရတဲ့ ဒုံးကျည် တစ်စင်းကလွဲပြီး ကျန်တဲ့ ဒုံးကျည်တိုင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။ ဂျော်ဒန် စစ်တပ်ကလည်း ဒုံးကျည် ၈ စင်းကို ပစ်ချခဲ့ကြောင်း ထုတ်ပြန်ပေမယ့် ဘယ်နိုင်ငံက ပစ်ခတ်တာလဲ ဆိုတာကိုတော့ တိတိကျကျ မကြေညာခဲ့ပါဘူး။ ယူအေအီးကတော့ နိုင်ငံရေပိုင်နက် အထက်မှာ ပျံသန်းလာတဲ့ ဒရုန်းတစ်စီးကို ကြားဖြတ် ဟန့်တားခဲ့ကြောင်း ပြောပေမယ့် အယ်လ်မင်ဟက်ဒ် လေတပ်စခန်း တိုက်ခိုက်ခံရတယ်ဆိုတဲ့ ကိစ္စကိုတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲစကားတွေလို့ တုံ့ပြန်သွားပါတယ်။

ဩဂုတ် ၃၁ ရက်နေ့မှာတော့ ဟောမုဇ် ရေပြင်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် ဒရုန်းတစ်စီးကိုလည်း ပစ်ချခဲ့ကြောင်း IRGCက ပြောပါတယ်။

အဲဒီနေ့မှာပဲ ထရမ့်က အီရန်ဟာ ကျရှုံးနိုင်ငံ ဖြစ်နေပြီလို့ လူမှုကွန်ရက်ပေါ်ကနေ လှောင်ပြောင်ခဲ့ပါတယ်။ အီရန်ရဲ့ စစ်အင်အားဟာ ပျက်သုဉ်းနေပြီး ဘဏ္ဍာရေးကလည်း ပြိုလဲနေကြောင်း၊ အီရန် ခေါင်းဆောင်ပိုင်းကလည်း ကစဉ့်ကလျား ဖြစ်နေကြောင်း ထရမ့်က ရေးသားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။