အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီက ကလေးငယ်တွေဟာ ဆရာမတွေ၊ တခြားလူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ဆက်ဆံရင်း သင်ယူ ရင့်ကျက်လာဖို့ လိုကြောင်း၊ ကျွမ်းကျင်တတ်သိမှုတွေကို ကိုယ်တိုင် ဖန်တီးယူကြဖို့ လိုကြောင်း၊ သူတို့ကို သင်ပြပေးမယ့် ဆရာဆရာမတွေနဲ့ ထိတွေ့ဆက်ဆံရင်း ခက်ခဲတဲ့ ပြဿနာတွေကို ကိုယ်တိုင် စူးစမ်း အဖြေရှာရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စည်းမျဉ်းသစ်အရ နယူးယောက်မှာရှိတဲ့ အစိုးရ မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေ AI အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့် အထက်တန်း မတိုင်ခင် ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေဟာ AI သုံးစွဲခွင့် ရတော့မှာ မဟုတ်ပါဘူး။ အဲဒီ တားမြစ်မိန့်ကို စမ်းသပ်အဆင့် တစ်နှစ် ထုတ်ပြန်ပြီး သက်ရောက်မှုတွေကို လေ့လာ ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ အကြီးဆုံး မြို့ကြီးဖြစ်တဲ့ နယူးယောက်ဟာ ပညာရေး ဖွံ့ဖြိုးမှုနဲ့ AI နည်းပညာကြားမှာ ကြားဝင်ထိန်းညှိ ကန့်သတ်မှုတွေ စတင်လိုက်တာဖြစ်ပြီး လော့စ်အန်ဂျလိစ်လို မြို့ကြီးတွေကလည်း AIနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်နေကြောင်း ပြောပါတယ်။

Public Service Announcement
နယူးယောက် မြို့တော်ဝန် မမ်ဒါနီက မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေဟာ စာသင်ခန်းတွေမှာ AIနဲ့ ဆက်စပ်တဲ့ သင်ထောက်ကူနဲ့ တခြားကိရိယာတွေ အသုံးပြုနေမှုတွေကို ရပ်တန့်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
AI နည်းပညာ ရှေ့ဆောင်လုပ်ငန်းစုတွေဖြစ်တဲ့ Google၊ Anthropicနဲ့ Microsoftတို့ကတော့ နယူးယောက်မြို့တော် အစိုးရအဖွဲ့ရဲ့ သဘောထား မူဝါဒအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ညွှန်ကြားချက် အသစ်ကြောင့် နယူးယောက်မှာ Grade 8အထိ ကျောင်းသူကျောင်းသား ၆ သိန်းလောက်ဟာ AI အသုံးပြုခွင့် ရတော့မှာ မဟုတ်ပါဘူး။ အထက်တန်းအဆင့် ကျောင်းသားတွေဟာလည်း ပညာရေးနဲ့ ပတ်သက်ရင် AIကို ကန့်သတ် အခြေအနေ တချို့မှာပဲ သုံးစွဲခွင့် ရှိလာမယ်လို့ သိရပါတယ်။
နာမည်ကြီး AI ထောက်ပံ့မှု တစ်ခုဖြစ်တဲ့ ChatGPTကို ၂၀၂၂ မှာ ထုတ်ဝေခဲ့ပြီး သိပ်မကြာခင်မှာပဲ နယူးယောက်မြို့က ကျောင်းတွေမှာ သုံးစွဲခွင့် ယာယီ ပိတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ChatGPTကို ဖန်တီးတဲ့ OpenAIကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ Microsftက ပညာရေးအတွက် သင့်လျော်အောင် ပြင်ဆင်ထားပြီး AIက ပံ့ပိုးပေးတဲ့ သင်ကြားရေး အထောက်အကူပြု tool တစ်ခုကို မိတ်ဆက်ပေးခဲ့သလို ChatGPT အသုံးပြုခွင့် ပိတ်ပင်ထားတာကိုလည်း အာဏာပိုင်တွေက ဖယ်ရှားပေးခဲ့ပါတယ်။
ကိုးကား: Reuters


















































