Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကို တပ်တွေ စေလွှတ်ရေးကိစ္စ သုံးသပ်နေဆဲလို့ တောင်ကိုရီးယား အစိုးရပြော

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီကိစ္စအတွက် အစိုးရဆီမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချထားပြီး ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း ငြင်းဆိုထားပါတယ်။ JTBCနဲ့ MBCတို့လို တောင်ကိုရီးယား မီဒီယာတွေက နှစ်မကုန်ခင် ဟောမုဇ်မှာ စစ်အင်အား ဖြန့်ကျက်ထားရှိဖို့ တောင်ကိုရီးယားက စီစဉ်နေပြီး အခုလထဲမှာ လွှတ်တော်က အဲဒီကိစ္စကို ခွင့်ပြုလိမ့်မယ်လို့ စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတရုံးကတော့ ဒီကိစ္စကို သုံးသပ်နေတယ်ဆိုတာ မှန်ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ကနဦး ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေ အရတော့ တောင်ကိုရီးယားဟာ မိုင်းရှင်းရေယာဉ် ဒါမှမဟုတ် ထောက်ပံ့ရေး ရေယာဉ် တစ်စီး၊ ကင်းလှည့်လေယာဉ်တွေကို အီရန်တောင်ပိုင်းက မဟာဗျူဟာ ရေပြင်မှာ ဖြန့်ကျက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဟာ ဟောမုဇ်ရေလက်ကြား လုံခြုံရေးအတွက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့နဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဟောမုဇ်ကို တောင်ကိုရီးယား စစ်ဘက် ရေယာဉ်၊ လေယာဉ်တွေ ဖြန့်ကျက်သွားမယ်ဆိုတဲ့ ကိစ္စအပေါ် သမ္မတရုံး အရာရှိ တစ်ဦးက လောလောဆယ်တော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူးလို့ ပြောကြားသွားပါတယ်။ လာမယ့် သီတင်းပတ်ကျရင် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ တွေ့ဆုံတဲ့အခါ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ဟောမုဇ်ကိစ္စ ထည့်ဆွေးနွေးဖွယ် ရှိတယ်လို့လည်း အဲဒီ အရာရှိက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ သွားလာခွင့် ဆိုတာက တောင်ကိုရီးယားရဲ့ အမျိုးသား အကျိုးစီးပွားနဲ့လည်း တိုက်ရိုက် ဆက်နွှယ်နေတဲ့ ကိစ္စပါ။ တောင်ကိုရီးယားကို တင်သွင်းတဲ့ ရေနံစိမ်း စုစုပေါင်းရဲ့ ၆၁ ရာခိုင်နှုန်းနဲ့ ကျောက်မီးသွေး အခြေပြု နက်ဖ်သာ လောင်စာ ၅၄ ရာခိုင်နှုန်းဟာ ဟောမုဇ်ကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

မကြာသေးခင်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မဟာမိတ် တောင်ကိုရီးယားဟာ အီရန်စစ်ပွဲမှာ အမေရိကန်ကို အကူအညီပေးပြီး ဟောမုဇ်လုံခြုံရေးကို အားဖြည့်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ ဥပဒေတွေအရ နိုင်ငံရပ်ခြားမှာ တပ်တွေ ဖြန့်ကျက်ဖို့အတွက် လွှတ်တော်ရဲ့ သဘောတူညီမှုကို လိုအပ်ပါတယ်။ တကယ်လို့ အခုကိစ္စက လက်တွေ့ အထမြောက်လာရင်တော့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ကိုရီးယားကျွန်းဆွယ် ပြင်ပမှာ တောင်ကိုရီးယားရဲ့ ပထမဆုံး စစ်ရေးအရ ဖြန့်ကျက်မှု ဖြစ်လာမှာပါ။ အဲဒီနှစ် မတ်လတုန်းကတော့ အေဒင် ပင်လယ်ကွေ့မှာ ပင်လယ်ဓားပြမှုတွေကို နှိမ်နင်းဖို့ တောင်ကိုရီးယား တပ်တွေကို ပို့ဆောင်ခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်က မင်္ဂလာဆောင် တစ်ခုကို အမေရိကန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။