အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။
ကနေဒါနဲ့ အမေရိကန်ကြား ကုန်သွယ်ရေး အားပြိုင်မှုတွေ တင်းမာလာချိန်မှာ ထရမ့်က Bombardierကို အခုလို ဖိအားပေးလာတာ ဖြစ်ပါတယ်။ အမေရိကန်မှာ Bombardier လေယာဉ်တွေ ရောင်းချခွင့် ရတော့မှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၇ ရက်နေ့မှာ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားထားပါတယ်။
Bombardier အနေနဲ့ အမေရိကန်မှာ လေယာဉ်တွေ ဆက်ရောင်းချင်တယ်ဆိုရင် စက်ရုံကို အမေရိကန်မှာ လာဆောက်ဖို့ လိုကြောင်း၊ အမေရိကန်ကို ဝက်ရုပ်စုဘူးလို သဘောထားနေတာမျိုး လက်မခံနိုင်ကြောင်း ထရမ့်က ဆိုပါတယ်။
အမေရိကန်နဲ့ ကနေဒါတို့ကြား ကုန်သွယ်ရေး ဆွေးနွေးမှု ပျက်ပြယ်သွားတဲ့နောက် ထရမ့်ဟာ ဒေါ်လာ ၂၀ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ကနေဒါ သွင်းကုန်တချို့အပေါ် တန်ဖိုးရဲ့ အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့် စည်းကြပ်မယ်လို့ ကြေညာခဲ့ပြီး ကနေဒါ အစိုးရကလည်း အမေရိကန် ကုန်စည်တွေအပေါ် ထပ်တူတုံ့ပြန်ဖို့ ပြင်ဆင်နေပါတယ်။

Public Service Announcement
Bombardierရဲ့ အမေရိကန်ဆီ လေယာဉ် တင်သွင်းမှုတွေကို ပိတ်ပင်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပေမယ့် ဘယ်လိုနည်းလမ်း၊ ဘယ်လိုဥပဒေတွေကို အသုံးပြုမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
မွန်ထရယ်မြို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီဟာ အမေရိကန်ရဲ့ ကန်းဆက်စ် ပြည်နယ်မှာ လေယာဉ်စက်ရုံတစ်ခု တည်ဆောက်ထားပြီး အထူးစစ်ဆင်ရေးသုံး စစ်လေယာဉ်တွေကို ထုတ်လုပ်ပေးနေပါတယ်။ ပြီးတော့ အမေရိကန် နိုင်ငံသား ဝန်ထမ်း ၃၅၀၀ လောက်ကို အလုပ်ခန့်ထားပါတယ်။ ပြီးတော့ တက္ကဆက်စ်၊ အရီဇိုးနား၊ ဖလော်ရီဒါ၊ ကွန်နက်တီကက်၊ အီလီနွိုက်စ်၊ ကယ်လီဖိုးနီးယား၊ ဒဲလာဝဲ၊ ဝါရှင်တန်နဲ့ နယူးဂျာစီတို့မှာလည်း ရုံးခွဲတွေ ဖွင့်ထားပါတယ်။
Bombardierက ထုတ်လုပ်ထားတဲ့ လေယာဉ်တွေရဲ့ ထက်ဝက်လောက်နဲ့ ညီမျှတဲ့ အစီးရေ ၅၁၀၀ လောက်ကို အမေရိကန် အခြေစိုက် ဖောက်သည်တွေက မှာယူ အသုံးပြုနေတာပါ။
စက်တင်ဘာ ၇ ရက်မှာ ကုမ္ပဏီဖက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာတော့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို တိုက်ရိုက် မရည်ညွှန်းပေမယ့် Bombardierဟာ သောင်းနဲ့ချီတဲ့ အမေရိကန် နိုင်ငံသားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးထားသလို အမေရိကန်မှာ စီးပွားရေး မြှုပ်နှံမှုတွေကို ချဲ့ထွင်နေတယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး အမေရိကန်က မိတ်ဖက်တွေ၊ ဝန်ထမ်းတွေနဲ့ လက်တွဲ ဆောင်ရွက်မှုကို ကုမ္ပဏီက အထူးတန်ဖိုးထားကြောင်း၊ ရှေ့ဆက်ပြီးလည်း ရင်းနှီးမြှုပ်နှံမှုတွေ ချဲ့ထွင်ဖို့ ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
Bombardierဟာ လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံတွေကို ကနေဒါ၊ အမေရိကန်နဲ့ မက္ကဆီကိုတို့မှာ တည်ဆောက်ထားပါတယ်။ ပြီးတော့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ မြောက်အမေရိက ကုန်သွယ်ရေး လွတ်လပ်ခွင့် စာချုပ် (CUSMA)နဲ့အညီ လုပ်ငန်းလည်ပတ်နေကြောင်းလည်း ကုမ္ပဏီဖက်က ပြောကြားထားပါတယ်။
ကိုးကား: BBC

















































