တောင်ကိုရီးယား နိုင်ငံက စူပါမားကက်တစ်ခုမှာ ဓားကိုင်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။
အင်ချွန်းမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့သူကို ရဲတပ်ဖွဲ့ဝင်တွေက နေရာမှာတင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အခုဖြစ်ရပ်မှာ ဒဏ်ရာရသူ ၈ ဦးရှိခဲ့ပြီး တစ်ဦးက အရမ်းထိတ်လန့်ရာက နှလုံးဖောက်တဲ့ ဝေဒနာ ခံစားခဲ့ရကြောင်း ရဲတွေက ပြောပါတယ်။
ဆိုးလ်မြို့တော် အနောက်ဖက်ခြမ်းက အင်ချွန်းဟာ တောင်ကိုရီးယားရဲ့ အဓိက လေဆိပ်ကြီး တည်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ အင်ချွန်းမြို့က Homeplus စူပါမားကက်မှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုအပြီး အသက် ၆၀ ကျော်အရွယ် ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုကို ဘာကြောင့် လုပ်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သာမန်အားဖြင့် တောင်ကိုရီးယားဟာ ဘေးကင်းလုံခြုံတဲ့ နိုင်ငံတစ်ခုလို့ သတ်မှတ်နိုင်ပြီး ၂၀၂၁ ခုနှစ် စာရင်းတွေအရ လူသတ်မှု အချိုးအစားဟာ လူ ၁ သိန်းမှာ ၁.၃ မှုသာ ရှိပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပျမ်းမျှ လူသတ်မှုနှုန်းက လူ ၁ သိန်းမှာ ၆ မှု ဖြစ်ပါတယ်။

Public Service Announcement
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တောင်ကိုရီးယားမှာ ဓားကိုင်တိုက်ခိုက်တဲ့ မှုခင်းတွေက ပိုမို မြင့်တက်လာနေခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ မေလမှာ လူတစ်ဦးက ရဲ ၃ ယောက်ကို ဓားနဲ့ထိုးခဲ့ပြီး အဲဒီနှစ် စက်တင်ဘာလမှာတော့ ဆိုးလ်မှာရှိတဲ့ ပီဇာဆိုင် တစ်ခုမှာ ဓားထိုးမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
အခုနှစ် မေလတုန်းလည်း နိုင်ငံ အနောက်တောင်ပိုင်း၊ ဂွမ်ဂျူမြို့မှာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ဓားနဲ့ထိုးခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ဆယ်ကျော်သက်တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ကျူးလွန်သူကိုတော့ တရားရုံး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။
ကိုးကား: CNA



















































