နာရေးအစီအစဉ် တစ်ခုမှာ ခေါင်းတလားထဲက အလောင်းက ပြန်ထလာတယ် ဆိုတာဟာ စိတ်ကူးယဉ် ထိတ်လန့်သည်းဖို ရုပ်ရှင်တွေထဲက မြင်ကွင်းမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဂွာတီမာလာ နိုင်ငံမှာ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်ဟာ တကယ်ပဲ သူ့ရဲ့ နာရေးမှာ အခေါင်းထဲကနေ ထထိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်အစောပိုင်းတုန်းက ယူလီဒီ အစ္စကော်တိုယက်ဆိုတဲ့ မိန်းကလေး တစ်ဦးဟာ ဖခင်နဲ့အတူ ဆေးခန်းကိုလာရင်း သတိလစ် မေ့မြောသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဧဝံဂေလိ သင်းအုပ်ဆရာ တစ်ဦးဖြစ်တဲ့ ဖခင်က သူ့သမီးကို သွေးခုန်နှုန်းနဲ့ အသက်ရှူမရှူ စမ်းသပ်ခဲ့ပြီး သူ့သဘောနဲ့သူ ယူလီဒီက သေဆုံးသွားပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။ မိန်းကလေး ကွယ်လွန်သွားတယ်လို့ ဆရာဝန် တစ်ယောက်ယောက်က အတည်ပြုပေးတာမျိုး မရှိခဲ့ပါဘူး။
သူ့သမီးက တကယ်သေသွားခဲ့ကြောင်း၊ သူက သွေးခုန်နှုန်းရော၊ အသက်ရှူမှုကိုပါ သေချာ စမ်းသပ်ခဲ့ပြီး ယူလီဒီ သေဆုံးသွားတယ် ဆိုတာကို အခိုင်အမာ အတည်ပြုနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ သူ့သမီးဟာ ဆေးရုံထိ မရောက်ခဲ့ကြောင်း ဖခင်ဖြစ်တဲ့ အေဘရာဟမ် အစ္စကော်တိုယက်က ပြောပါတယ်။
ကြေကွဲဝမ်းနည်းနေတဲ့ အေဘရာဟမ်ဟာ သူ့သမီးရဲ့ တကယ်မသေသေးတဲ့ အလောင်းကို အိမ်ပြန်သယ်လာခဲ့ပါတယ်။ ဂွာတီမာလာက ဓလေ့တွေအရ သေသူကို အချိန်သိပ်မဆိုင်းဘဲ မြေမြှုပ် သင်္ဂြိုဟ်ဖို့ စီစဉ်လေ့ ရှိတာကြောင့် မိသားစုက အခေါင်းတစ်ခုကိုပါ ဝယ်ယူလာခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ နေရပ်ဖြစ်တဲ့ အယ်လ်ဂျိုကိုတီ ကျေးရွာမှာ နာရေး အခမ်းအနားကို သေချာပြင်ဆင်ခဲကြပါတယ်။

Public Service Announcement
နောက်တော့ မိန်းကလေးရဲ့ မိခင်ဖြစ်သူ လက်စ်ဗီယာ ရီယို့စ်က အဖုံးပေါ် မှန်သားအကြည် တပ်ထားတဲ့ အခေါင်းနားမှာ ငိုကြွေးနေရင်း သမီးဖြစ်သူက ယောင်ယောင်လေး လှုပ်ရှားသွားတာကို သတိထားမိသွားပါတယ်။ အဲဒီနောက် လက်စ်ဗီယာက သူ့သမီး မသေဘူးလို့ တတွတ်တွတ်ပြောရင်း ခေါင်းတလား အဖုံးကို ဖွင့်ခိုင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ယူလီဒီက သတိပြန်လည်နေပြီး ထထိုင်ခဲ့ပါတယ်။
ကျိန်းသေပေါက် သေပြီလို့ တွက်ထားတဲ့ အလောင်းက ထထိုင်ပြီး စကားတွေလည်း ပြောနေတဲ့အခါ မိသားစုဝင်တချို့ စိတ်ရှုပ်ထွေးကုန်ပါတယ်။ နောက်တော့မှ သတိဝင်သွားပြီး မိန်းကလေးကို ဝိုင်းကူညီကြသလို ရေလည်း တိုက်ခဲ့ပါတယ်။ ဝမ်းနည်းပက်လက် ငိုကြွေးနေရာကနေ မိသားစုတွေက ပျော်ရွှင်ကုန်ကြပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခဲ့ကြပါတယ်။
သူ့ရဲ့ နှလုံးနားကနေ ထိုးအောင့်ခဲ့ပြီး နောက်တော့ သတိလစ်သွားခဲ့ပြီး ဘာမှ မမှတ်မိတော့ဘူးလို့ ယူဒီလီက ပြောပြခဲ့ပါတယ်။ အခုတော့ မိန်းကလေးဟာ ကောင်းကောင်းကြီး သတိရနေပြီး မိသားစုနဲ့အတူ ရှိနေပါတယ်။ သူဟာ ၈ နာရီလောက် သတိလစ်သွားခဲ့ပြီး ဘာကြောင့် အဲဒီလို ဖြစ်သွားခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီအကြောင်းအရာဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားပြီး ဂွာတီမာလာမှာတော့ သတိလစ်သွားရင်တောင် မလွယ်ဘူးလို့ တချို့က စနောက်နေကြပါတယ်။ နောက်တစ်ဦးကတော့ အခေါင်းကို မြေမြှုပ်ပြီးမှသာ မိန်းကလေး သတိလည်လာရင် အကြီးအကျယ် ဒုက္ခများလောက်မယ်လို့ မှတ်ချက်ရေးသားထားခဲ့ပါတယ်။
ကိုးကား: New York Post



















































