နိုဝင်ဘာ – ၁၉ ၊၂၀၂၆
နည်းပညာမြင့် ခေတ်သစ် အီလက်ထရောနစ် ပစ္စည်းတွေ၊ ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်တဲ့ ကိရိယာတွေ ထုတ်လုပ်မှုမှာ မရှိမဖြစ် လိုအပ်တဲ့ အဆင့်မြင့် သံလိုက်တွေ ရယူနိုင်ရေးကို ပိုပြီး အားထည့်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့က အာဆီယံ-အမေရိကန် အထူးညီလာခံ ညစာစားပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပခဲ့ချိန် သူ့ရဲ့ မိန့်ခွန်းမှာ ထရမ့်က ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးတွေ အပြိုင်အဆိုင် အလိုရှိနေကြတဲ့ မြေရှားသတ္တုတွေ အပါအဝင် မဟာဗျူဟာမြောက် အရေးပါတဲ့ ဓာတ်သတ္တုတွေ၊ အဲဒါတွေကနေ ကုန်ချောအဖြစ် ထုတ်လုပ်တဲ့ နည်းပညာမြင့် သံလိုက်တွေအတွက် ထုတ်လုပ်မှုမှာ အာဆီယံဟာ ပင်မရင်းမြစ်တစ်ခု ဖြစ်လာအောင် ကြိုးစားသင့်ကြောင်း ပြောကြားသွားပါတယ်။
အာဆီယံ နိုင်ငံတွေဟာ အရေးပါတဲ့ ဓာတ်သတ္တုတွေ၊ မြေရှားသတ္တုတွေ၊ သံလိုက်တွေ ထုတ်လုပ်ရေးအတွက် အရမ်း အားတက်သရော ကြိုးစားကြမယ်လို့ သူမျှော်လင့်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
စိတ်မရှိဘူးဆိုရင် သံလိုက်တွေ ထုတ်လုပ်ကြဖို့ သူတိုက်တွန်းချင်ကြောင်း၊ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ကများ သူ့စကားကို နားထောင်မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ သူဟာ ငွေတွေအများကြီး ရှာနိုင်တော့မှာ သေချာကြောင်း၊ အမေရိကန်က သံလိုက်တွေကို လိုချင်နေကြောင်း ထရမ့်က ပြောဆိုခဲ့ပါတယ်။
အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကီဗင်ကင်မ်ကတော့ ထရမ့်ရဲ့ မှတ်ချက်ဟာ အမေရိကန် အနေနဲ့ အာဆီယံရဲ့ မြေရှားနဲ့ သံလိုက်တွေ ထုတ်လုပ်မှု စျေးကွက်ကို ရယူနိုင်ဖို့ ဆန္ဒရှိနေတယ် ဆိုတာကို အသိပေးခြင်းဖြစ်ကြောင်း ပြောပါတယ်။
ထရမ့်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပူးပေါင်း အလုပ်လုပ်ပြီး အမေရိကန်အတွက် ရေရှည် ထောက်ပံ့ပေးနိုင်မယ့် အရေးပါတဲ့ ဓာတ်သတ္တု ရင်းမြစ်မျိုး ညှိနှိုင်းဖန်တီးယူဖို့ မျှော်လင့်နေကြောင်း ကင်မ်က ပြောကြားသွားပါတယ်။
ဒါ့အပြင် အနာဂတ် ဉာဏ်ရည်တု နည်းပညာ (AI) မြှင့်တင်ရေး အစီအမံတွေမှာ အာဆီယံကို နှလုံးသည်းပွတ် နေရာကနေ ပါဝင်စေဖို့လည်း သမ္မတ ထရမ့်က ဆန္ဒရှိနေတယ်လို့ ကင်မ်က မှတ်ချက်ပေးသွားပါတယ်။
ကိုးကား – ABS-CBN























































