Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ စံချိန်တင် ငွေသုံးမိခဲ့တာ အတော်လေး ရူးမိုက်ရာ ရောက်ခဲ့တယ်လို့ အီလွန်မတ်စ်ခ် ဖွင့်ဟ

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတုန်းက မဲဆွယ်လှုပ်ရှားမှု ရန်ပုံငွေတွေ စံချိန်တင် ပမာဏအဖြစ် သုံးစွဲခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အတော်လေး ရူးမိုက်ရာ ရောက်ခဲ့ကြောင်း အီလွန်မတ်ခ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတုန်းက မဲဆွယ်လှုပ်ရှားမှု ရန်ပုံငွေတွေ စံချိန်တင် ပမာဏအဖြစ် သုံးစွဲခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အတော်လေး ရူးမိုက်ရာ ရောက်ခဲ့ကြောင်း အီလွန်မတ်ခ်က ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရပြီး Teslaနဲ့ SpaceX ကုမ္ပဏီတွေရဲ့ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားသူ မတ်စ်ခ်ဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ငွေကြေးထည့်ဝင် သုံးစွဲမှု အများဆုံး အလှူရှင်အဖြစ် ရပ်တည်ခဲ့ပါတယ်။

သူဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီအတွက် အဲဒီရွေးကောက်ပွဲ တစ်ခုတည်းမှာတင် ဒေါ်လာ ၄၄၆ သန်းထိ လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်မှာတော့ ရီပတ်ဘလစ်ကန်တွေအတွက် ခါးခါးသီးသီး ရှုံးနိမ့်မှု ကြုံခဲ့ပြီး လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်ခွင့်တွေ ဆုံးရှုံးသွားခဲ့ရပါတယ်။

မတ်စ်ခ်ဟာ ၂၀၂၄ ရွေးကောက်ပွဲတုန်းကလည်း ထရမ့်ရဲ့ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှုမှာ ငွေကြေး အများအပြား ထည့်ဝင် လှူဒါန်းပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ထရမ့်ရဲ့ ‘အမေရိကန် ပြန်လည်ကြီးမြတ်ရေး (MEGA)’ လှုပ်ရှားမှုနဲ့တော့ ပတ်သက်မှု မရှိကြောင်း မတ်စ်ခ်က ငြင်းပယ်ထားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၄ တုန်းက ရီပတ်ဘလစ်ကန်တွေ အောင်ပွဲခံခဲ့ပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ တက္ကဆက်စ်၊ အိုဟိုင်ယိုနဲ့ တခြားပြည်နယ် တချို့ဟာ ဒီမိုကရက်တစ် ပါတီကို ပြောင်းလဲ ထောက်ခံသွားကြတာကြောင့် အာဏာရပါတီ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ထရမ့်လက်ထက်မှာ လူထုမထောက်ခံတဲ့ အီရန်စစ်ပွဲကို ဆင်နွှဲခဲ့တာ၊ လူနေမှုစရိတ်တွေ မြင့်တက်လာတာတွေက ရီပတ်ဘလစ်ကန် ပါတီကို လူထု ထောက်ခံမှု ကျဆင်းစေခဲ့တဲ့ အကြောင်းရင်းတွေလို့ လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

New York Times သတင်းဌာနရဲ့ DealBook ဆွေးနွေးပွဲကို အွန်လိုင်းကနေ ချိတ်ဆက်ပြီး တက်ရောက်ခဲ့ရာမှာတော့ မတ်စ်ခ်က သူဟာ MAGA လှုပ်ရှားမှုမှာ ပါဝင်သူ မဟုတ်ကြောင်း၊ MAGAရဲ့ အဓိပ္ပါယ်ကိုတောင် သေချာ မသိကြောင်း၊ တကယ်လို့ အဲဒါဟာ ရီပတ်ဘလစ်ကန် ပါတီက ချမှတ်တဲ့ တချို့မူဝါဒတွေကို မျက်စိစုံမှိတ် ထောက်ခံတဲ့ အဓိပ္ပါယ် ဆိုရင် သူက ကျိန်းသေပေါက် ပတ်သက်မှု မရှိဘူးလို့ တပ်အပ် ပြောနိုင်ကြောင်း မတ်စ်ခ်က ဆိုပါတယ်။

သူက သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရှေ့နောက် အများကြီး မတွေးဘဲ ငွေတွေ အများကြီး သုံးခဲ့တာဟာ အတော်လေး ရူးမိုက်တယ်လို့ ခံစားလာမိကြောင်း ဝန်ခံခဲ့ပါတယ်။ အမေရိကန် ရွေးကောက်ပွဲတွေ ဆိုတာဟာ ငွေကြေးတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရမှန်း ဒီအခြေအနေက မြင်သာစေခဲ့ကြောင်း မတ်စ်ခ်က ပြောကြားသွားပါတယ်။

နာရီလက်တံတွေကို နောက်ပြန်ရွှေ့လို့ ရမယ်ဆိုရင်တော့ သူက ငွေကို ဒီထက်ပိုပြီး နည်းနည်းပဲ သုံးမိလိမ့်မယ်လို့လည်း မတ်စ်ခ်က ဆိုပါတယ်။

မတ်စ်ခ်အတွက် အထိအနာဆုံး ရွေးကောက်ပွဲ ရလဒ်တစ်ခုကတော့ တက္ကဆက်စ်ပြည်နယ် အထက်လွှတ်တော် အမတ်နေရာအတွက် ဒီမိုကရက်တစ် ပါတီရဲ့ ဂျိမ်းစ်တာလာရစ်ကိုက အနိုင်ရသွားခဲ့ခြင်း ဖြစ်ပါတယ်။ မတ်စ်ခ်ဟာ တာလာရစ်ကိုရဲ့ ပြိုင်ဘက် ကန်ပက်စ်တန် တစ်ယောက်တည်းအတွက်တင် ဒေါ်လာ ၄၅ သန်းလောက် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

ကိုးကား: Business Insider

ဆက်စပ်သတင်းများ