Connect with us

Hi, what are you looking for?

ကဗျာ

ပွဲတော်ရာသီ”

ဆန်ပိုးမဲမဲတွေရောနေတဲ့ ထမင်းအကျိုးအကြေက ပန်ကန်အပြည့်နဲ့

မီးတိုက်ခံထားရတဲ့မျှင်ငပိဟာ အဓိကဟင်းပဲ

■ ပေး

ဆူညံနေတဲ့ပွဲတော်က လော်စပီကာသံတွေမဟုတ်ရင်

လူတွေအော်နေကြတာက

ဂျက်ဖိုင်တာတစီး စစ်ချီတံပိုးကိုမှုတ်ရင်း

Public Service Announcement

Public Service Announcement

ဗုံးတွေကိုချလိုက်လို့

ပေါက်ကွဲအသံတွေကို ကြားပြီးတဲ့အခါမှာ —

မီးထွန်းပွဲတော်က မီးရှုးမီးပန်းတွေမဟုတ်ရင်

ဘာအသံတွေလဲလို့ သူတို့ကိုမေးကြတာက

သူတို့ရဲ့သူငယ်တန်းကလေးတွေ

မျက်စိရှေ့မှာပဲ မျက်လှည့်ပြပွဲတခုလို မီးခိုးလုံးကြီးတွေထဲမှာ

သူတို့တက်ရတဲ့ကျောင်းဟာ အပိုင်းပိုင်းအစစဖြစ်ပြီး လေထဲကိုပျံတက်သွားတဲ့နောက်မှာ

ရင်ခုန်စိတ်လှုပ်ရှားစရာပွဲတော်က အရှိန်ပြင်းပြင်းလည်တဲ့ချားရဟတ်မဟုတ်ရင်

အသက်ရှုမှန်အောင် သူတို့ကြိုးစားနေရတာက

ချာလပတ်လည်နေတဲ့

ရှင်ခြင်းနဲ့ ငရဲနဲ့ သေခြင်းနဲ့ နတ်ပြည်နဲ့

ပြီးတော့ ထပ်တလဲလဲ —

ဆီညော်အနံ့တွေထွက်နေတဲ့ပွဲတော်က အစားအစာတွေမဟုတ်ရင်

သူတို့စားကြတဲ့ ညစာက

ကစီဓာတ်၊ ပရိုတိန်းနဲ့ ဗီတာမင် အချိုးအစားတွေကို တွက်ချက်ခွင့်မရှိဘူး

ဆန်ပိုးမဲမဲတွေရောနေတဲ့ ထမင်းအကျိုးအကြေက ပန်ကန်အပြည့်နဲ့

မီးတိုက်ခံထားရတဲ့မျှင်ငပိဟာ အဓိကဟင်းပဲ

ဂီတပွဲတော်က စင်ပေါ်မှာမဟုတ်ရင်

သူတို့ သီဆိုတာက

အရပ်ရှစ်မျက်နှာကို အာရုံပြုရက်နဲ့ မေတ္တာပို့ဆုတောင်းတွေ

လူသားမိုင်းရှာစက်အဖြစ်ဆွဲခံလိုက်ရတဲ့ သားတွေအတွက်

အိမ်ပြန်လမ်းမှာထောင်ထားတဲ့ မိုင်းတွေကို မနင်းမိစေဖို့ပဲ

စွဲမက်စရာအပြည့်နဲ့ပွဲတော်က

ဗဒင်ဟောခန်းဆီကို သူတို့မသွားဘဲနဲ့

မျှော်လင့်ချက်မရှိ သူတို့ဟာ အနာဂတ်ဆီ ရှေ့ဆက်ကြတယ်

အချိုမြိန်ဆုံး ငှက်သိုက်မုန့်ကို သူတို့မစားဘဲနဲ့

အလှပဆုံးအိပ်မက်မရှိ သူတို့ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြတယ်

ပွဲတော်ကြီးပြီးသွားတဲ့အခါ သူတို့ပင်ပန်းနွမ်းလျနေရင်တောင်

လကွယ်နေ့ရဲ့ ဒီရေလိုမြင့်တက်နေတဲ့ ဆန်ဈေးအကြောင်းရယ်

မြို့ပေါ်ဖြတ်သွားဖို့ ထောက်ခံစာအတွက်ပေးရမယ့် ပိုက်ဆံအကြောင်းရယ်

သူတို့ တပြားတချပ်မှမရခင် စဉ်းစားနေဖို့အခွင့်မသာဘဲနဲ့

သူတို့ဟာ နိုးထကြရတယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ပေး’

ရေးဖွဲ့တဲ့ “​ပွဲ​တော်ရာသီ” ကဗျာကို People’s

Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ