မောင်မိုးအေး
စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်က
အိမ်က ဘုရားစင်ပဲလို့
ကျနော်ပြောတိုင်း

Public Service Announcement
အမေက သိပ်စိတ်ဆိုးတယ်
အမေသိပ်ကြိုက်တဲ့
ဘုရားပန်းအိုးမျိုးဆိုတာ
ကြေးရောင် ဝင်းပြောင်နေမှ
အမေဟာ ဒီလိုကျည်ခွံဟောင်းတွေနဲ့
ဘုရားပန်းကပ်ပြီး
ဟေတုပစ္စယောကစလိုက်တယ်
အရပ် ၈ မျက်နှာကိုပတ်ပြီး
မေတ္တာပို့တယ်
အယုတ်အလတ်အမြတ်မရှိ
အကြားအလတ်မရှိ
အားလုံးဆီအရောက်ပို့တဲ့
အမေ့မေတ္တာက ပို့ယမ်းမှမလိုပဲ
ပန်းအိုးမဖြစ်ခင်က
ခဲယမ်းအိုးကြီးကရော
အယုတ်အလတ်အမြတ်
ရွေးခဲ့ပါသလား
ကလေး လူကြီး
ကွေကွင်းခဲ့ပါသလား
ခုတော့ဒင်းတို့က
အိမ်က ဘုရားစင်
စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်မှာ
မိန့်မိန့်ကြီး ဝင်းပြောင်လို့
ဘုရားပန်းအိုးဘွဲ့ခံ
ငြိမ်းချမ်းအိုးကြီးပေါ့
သေချာကြည့်ပါ
ခင်ဗျားတို့လည်း မြင်ရမယ်
စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်မှာ
သေမင်းလက်ကြားက
ပွင့်နေတဲ့ပန်းတွေ
မေတ္တာတရားတွေ
သစ္စာတရားတွေ
၇၅ မမတွေ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မောင်မိုးအေး’ရေးဖွဲ့တဲ့ “စစ်နဲ့ ငြိမ်းချမ်းရေးဆုံမှတ်” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































