Connect with us

Hi, what are you looking for?

ကဗျာ

To… Mary Seng Noi

▪️မင်းသွင်

အချစ်နဲ့ ဝေးနေပါတယ် ဆိုမှ
မလွမ်းစေချင်ဘူး … တဲ့လား။
စစ်တိုက်နေရပါတယ် ဆိုမှ
Gun တွေ မလိုပါဘူး …တဲ့လား။
ဘယ်သူမှ မမှားပါဘူး၊
ဒီလို တိုင်းပြည်မှာ မွေးခဲ့တည်းက
ငါတို့အားလုံး သားကောင်တွေပါ..မေရီဆိုင်းနွယ် ။

Internet သုံးဖို့
တောင်ပေါ် အတူတူ တက်ရတဲ့နေ့ကို
နင် … မမေ့သေးဘူး မဟုတ်လား
အညာမှာလည်း internet သုံးချင်ရင်
ခရီးထွက်ရတယ်၊
အံ့ဩသွားသလား…. မေရီဆိုင်းနွယ် ။

မိုင်ဂျာယာန်ကို လွမ်းတဲ့အခါ၊
လိုင်ဇာကို လွမ်းတဲ့အခါ
ဂျေယန်းက စစ်ရှောင်စခန်းကို အတူတူသွားခဲ့တဲ့နေ့
ငါ ဘယ်တော့မှ မမေ့ဘူး။
စစ်ပွဲတွေကို ရှောင်ရင်း
စစ်ပွဲထဲကို တည့်တည့်ကျမိတဲ့ ကောင်ပါ
နင် … လှောင်ရယ် ရယ်နေသလား မေရီဆိုင်းနွယ် ။

Public Service Announcement

Public Service Announcement

မိုးတွေ ညို့လာရင်
ဟိုအဝေးကြီးက ဘွမ်စော့ တောင်ကုန်းမှာ
ပျောက်ဆုံးသွားတဲ့ နှင်းတွေကို
အတူတူငေးကြည့်ခဲ့တဲ့နေ့ တွေ လွမ်းသလို
အညာဒေသမှာတော့ လွမ်းစရာ မကောင်းသလိုလိုနဲ့
နွမ်းနေတဲ့ကြားကပဲ လွမ်းရပါတယ် မေရီဆိုင်းနွယ် ။

ပုန်းခိုစရာ တောမရှိဘူး။
ခိုလှုံစရာ သျှို၊ မြောင် မရှိဘူး။
အညာရင်ခွင်ရဲ့ ဗလာလွင်ပြင်မှာ
မဆင်မခြင် စစ်တိုက်‌ နေရသလား လို့
(ဆရာမကြီး လေသံနဲ့ )
နင် … ပြောနေမှာ မြင်ယောင်တယ် မေရီဆိုင်းနွယ် ။

အညာမှာလည်း ဆရာကြီးတွေ များတယ် ။
စစ်ကိုင်းနဲ့ ကချင်ဆိုတာ
နန့်စီးအောင် ချောင်းလေးပဲ ခြားတဲ့
ရင်ခွင် အတူတူရဲ့ လူတွေပဲ မဟုတ်လား
မမေ့ပါဘူး ဆိုင်းနွယ်ရေ…
မသေလို့ တွေ့ကြရင်
စစ်ပွဲတွေရဲ့ အလွဲတွေ အကြောင်း
ရယ်ရယ်မောမော ပြန်ပြောကြတာပေါ့ …။

ပါးစပ်က ဖက်ဒရယ် အကြောင်းပြောပြီး
လက်က ဖက်ဆစ်စော်နံနေတဲ့ ကောင်တွေ
လက်မထောင်နေတဲ့ စစ်ပွဲတွေကြား
နေရာမှားပြီး ရောက်နေတဲ့ ငါ့ကို
နင် … စိုးရိမ်တာ မမှားဘူး မေရီဆိုင်းနွယ်
မကြာခင်မှာ အညာဒေသဟာ
ဆန်ကွဲနဲ့ ပြောင်းဆံ ပြုတ်သောက်ရတော့မှာ ။

စပါး မစိုက်နိုင်ဘဲ
စစ်တိုက်နေရတဲ့ တိုင်းပြည်မှ မငတ်ရင်
ဘယ်သူငတ်မှာလဲ … မေရီဆိုင်းနွယ်
အခုမှ သေနတ်ကိုင်တဲ့ ကောင်‌တွေကို
ဗိုလ်လုပ်ရတာလည်း လွယ်တော့ မလွယ်ဘူး
(တချို့ကလည်း….)
စစ်ပွဲကို ဆွဲဆန့်ချင်နေလေရဲ့ ။

နောက်ဆုတ်မရတော့လို့
ရှေ့တိုးရင်း… နင် နဲ့ ကချင်မြေကို
ဝေးသထက် ဝေးခဲ့ပေမဲ့ …
အလင်းစက်တွေ တွေ့နေရပါပြီ
မကြာခင်မှာ ရောင်နီလာတော့မယ် ။
ဟောဟိုက…
ဟောင်ဂေါ် တောင်ကုန်းတွေ ဖြတ်ပြီး
ငါ ပြန်လာနိုင်ပါစေ…ဆုတောင်းရင်း
နင် စောင့်နေမယ် မဟုတ်လား မေရီဆိုင်းနွယ် … ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မင်းသွင်’ရေးဖွဲ့တဲ့ “To….Mary Seng Noi” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...