Connect with us

Hi, what are you looking for?

ကဗျာ

‘အေးချမ်းစွာ အနားယူပါ သား’

◼️မောင်သုည (ရှပ်ပုံသားလေး)

သားရေ…
ခွဲခွာခြင်းတရားရှိတယ်ဆိုတာ သိပေမယ့်
တကယ်တမ်း ခွဲခွာခဲ့ကြရင်
အသွေးအသားနဲ့ ထုဆစ်ပြီး
မြင်းမိုရ်တောင်မက ကြီးမားတဲ့
မေတ္တာပန်းချီကားတချပ်မှာ
အူဝဲကဗျာကစ
အမေတို့က ပိုနာကျင်ရပါတယ် သား ၊

အမေတို့ ဘယ်လိုနှလုံးသားနဲ့
ဆက်ရှင်သန်ရမလဲ သားရယ် ၊

ဘယ်တော့မှ
ပြန်မလာနိုင်တဲ့ လူကိုမျှော်ရတာလည်း
ငရဲကျခြင်း တမျိုးပဲမို့
သားတယောက် ဆုံးရှုံးသွားတဲ့ မိခင်တယောက်ဆိုတာလည်း
ငရဲကျသလို ပူလောင်ရပါတယ် သား ၊

Public Service Announcement

Public Service Announcement

သားရေ…
ရင်နဲ့လွယ်ထားရတဲ့ သွေးစက်တိုင်းအတွက်
ရွှေဗျိုင်းဖြူပုံပြင်တွေ
မိတ်ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပေး ဆိုတဲ့
အမေချော့တေးတွေဟာ
အခုချိန်မှာ
ငါ့သားအတွက် ဘာမှအသုံးမဝင်ခဲ့သလို
တောက်လောင်နေတဲ့ ဗျာပါရမီးမှာလည်း
အမေ့ဘဝက
အပြာချခံခဲ့ရပါတယ် သား ၊

သားရေ…
နာကျည်းချက်ကို
ဘယ်လိုသိဒ္ဓိတန်ခိုးနဲ့ ဖြေရပါ့မလဲ ၊

အနာဂတ်ကို
ရွှေလိုကျင်ယူရတဲ့ သားတို့ခေတ်မှာ
လူပီသချင်တဲ့ အမေတို့လို အာဂမိန်းမတွေက
ရင်ကွဲနာကျပေးရတာလည်း
ခေတ်အဆင့်ဆင့်ရဲ့
သမိုင်းအစဥ်အလာပဲ မဟုတ်လား ၊

သားသိလား
ဘုရားတွေ အဆူဆူပွင့်ခဲ့ပေမယ့်
သားကို ဘုရားလို ကိုးကွယ်ထားကြတဲ့
အမေတွေ
လောကကြီးမှာ ပဒုမ္မာကြာလို
အမြဲလှပခဲ့ကြ ဆိုပေမယ့်
အမေတို့ရဲ့ မျက်ရည်ဟာ
ကိုယ့်လမ်းကိုယ်ဖောက်စီးဆင်းပေးရတဲ့
မြစ်တစင်းလို
ကြေကွဲခြင်းဟာ
ဥဒါန်းမကြေတဲ့တရားတွေနဲ့ပါ သားရယ် ၊

အခုတော့
သားပြန်နိုးနိုးနဲ့ မျှော်လင့်ရင်း
သပြေခက်လေးရဲ့ ပျော်ရွှင်မှုအနာဂတ်နေ့ရက်တွေကို
သားအတွက်လုပ်ပေးထားတဲ့
ဖန်ပုလင်းရေချမ်းအိုးလေးထဲမှာ
အမေ မျိုသိမ့်လိုက်ပါပြီ ၊

အမေသားလေး
အေးချမ်းစွာ အနားယူပါ သား၊
ဒီချိန်မှာ
ဘယ်လိုလူတွေရဲ့ ရယ်မောသံတွေပဲကြားကြား
နှလုံးသားတခုရဲ့ ကွဲအက်သံက
အမေ့ရင်ထဲမှာ ရှိုက်ငင် ရှင်သန်လျက်ပါ သား ၊

ဘယ်လိုပဲဖြစ်ဖြစ်
ဒီကောင်းကင်ကြီးရဲ့သမိုင်းမှာ
အမေ့သားဟာ
အမြဲထွန်းလင်းနေမယ့် ကြယ်တပွင့်
ဆိုရင်
အမေဟာ
သိက္ခာခြုံပြီး လိပ်ပြာလုံနေမယ့်
ကြယ်ကြွေပုံပြင်ထဲက မိခင်ပေါ့ ၊

ဒီလို ခေတ်ဆိုးတခုရဲ့ ရာသီမှာ
ချခွဲခံလိုက်ရတဲ့ မိသားစုတခုရဲ့ ပျော်ရွှင်ခြင်းဆိုတာ
အိပ်မက်ထဲမှာ လိုက်ရှာရင်း
ပြန်မလာနိုင်ဘူးဆိုတာ သိပေမယ့်
သားကို အမေမျှော်နေမိပါတယ် ၊

သားရယ်…
ဖြစ်ပြီးရင် ပျက်ရစမြဲ လူ့လောကကြီးအလယ်မှာ
အရှိကိုအရှိတိုင်း
အမှန်ကို အမှန်တိုင်း ပြောရရင်
အမေ့ကို ခြေစုံကန်ပြီး ဒီအိမ်အိုလေးထဲက ထွက်သွားတဲ့နေ့ကစ
အမေ့ရင်ထဲကို
ထဲထဲဝင်ဝင်ရိုက်သွင်းပြီးသား သံမှိုတွေဟာ
ဒီနေ့ ဒီချိန်ထိ
ဆွဲနှုတ်ပစ်လို့ မထွက်ဘူး
နောက်လည်း ထွက်မှာ မဟုတ်တော့ဘူး သား ၊

သားရေ…
ဒီလို အမေသားသူရဲကောင်းလေးတွေကို
ဘယ်လိုလူတွေကများ
မိုက်လုံးကြီးတဲ့ကောင်တွေလို့ စွပ်စွဲရက်ကြသလဲ ။

အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာပဲ
လူ့မိစ္ဆာတွေ လက်ဦးချက်ရလို့
လည်ဆင်းခဲ့ရတဲ့ အမေသား
နှောင်ကြိုးမဲ့စွာ စိတ်ချလက်ချ
ထွက်သွားပါ ၊

မေတ္တာငတ်နေတဲ့ လူ့အဖွဲ့အစည်းကနေ
အေးချမ်းစွာ အနားယူအိပ်စက်ပါ သား၊

ဒီနိုင်ငံမှာ
ဝဋ်ကြွေးကြီးတဲ့ ကောင်တွေသာ
အသက်ရှည်ကြတယ် သားရယ် ၊

အမေ့သားလေး
ကောင်းရာသုဂတိလားပါစေ ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မောင်သုည (ရှပ်ပုံသားလေး)’ရေးဖွဲ့တဲ့ “အေးချမ်းစွာ အနားယူပါ သား” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...