Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ကြောင်ငှားရန်ရှိသည် Rent -a-Cat (2012)

ဂျပန်နိုင်ငံကမြို့ငယ်လေးတစ်မြို့ရဲ့မြစ်ကမ်းလေးတနေရာမှာ အမျိုးသမီးငယ်လေးတစ်ယောက် ထီးမိုးထားတဲ့ တွန်းလှည်းကလေးကို ဆွဲလာတယ်။ သူ့လက်ထဲမှာလည်း ဟွန်းသေးသေးလေးတစ်ခုပါတယ်။ သူက ဟွန်းလေးကို လက်က ကိုင်ပြီး “ကြောင်ကလေးတွေ ငှားပေးပါတယ်”လို့ အော်လာတယ်။ ဟုတ်ပါရဲ့။ သူဆွဲလာတဲ့ တွန်းလှည်းကလေးပေါ်မှာ ရောင်စုံကြောင်ကလေးတွေဟာ ခြင်းကလေးတွေထဲမှာ ငြိမ်ငြိမ်သက်သက်ထိုင်​နေကြတာပါလား။

ဝဇီရာ/People’s Spring

ဂျပန်နိုင်ငံကမြို့ငယ်လေးတစ်မြို့ရဲ့မြစ်ကမ်းလေးတနေရာမှာ အမျိုးသမီးငယ်လေးတစ်ယောက် ထီးမိုးထားတဲ့ တွန်းလှည်းကလေးကို ဆွဲလာတယ်။ သူ့လက်ထဲမှာလည်း ဟွန်းသေးသေးလေးတစ်ခုပါတယ်။ သူက ဟွန်းလေးကို လက်က ကိုင်ပြီး “ကြောင်ကလေးတွေ ငှားပေးပါတယ်”လို့ အော်လာတယ်။ ဟုတ်ပါရဲ့။ သူဆွဲလာတဲ့ တွန်းလှည်းကလေးပေါ်မှာ ရောင်စုံကြောင်ကလေးတွေဟာ ခြင်းကလေးတွေထဲမှာ ငြိမ်ငြိမ်သက်သက်ထိုင်​နေကြတာပါလား။

ကြောင်ငှားတဲ့ကောင်မလေးနာမည်က ဆာယိုကိုပါ။ သူဟာ အိမ်မှာတစ်ဦးတည်းနေသူပါ။ သူ့ရဲ့ချစ်လှစွာသော ဘွားဘွားကလည်း ဆုံးသွားခဲ့ပြီ။ ဒီကြောင်လေးတွေကလည်း ဘွားဘွားဆီကနေ သူအမွေရခဲ့တာ။ ဆာယိုကိုအိမ်မှာ ကြောင်တွေမနည်းဘူး။

ဆာယိုကိုဟာ သူ့ကြောင်ကလေးတွေကို လှည်းနဲတင်လာပြီး လိုက်ငှားပါတယ်။ ကလေးတချို့ကတော့ သူ့ကို ကြောင်ရူးမကြီးတဲ့။ အဘွားအိုတစ်ယောက်က စိတ်ဝင်တစားရောက်လာတယ်။ ကြောင်ကလေး ငှားချင်လို့ပါတဲ့။ ဆာယိုကိုက ဝမ်းမြောက်ဝမ်းသာ ဆီးကြိုတယ်။

Public Service Announcement

Public Service Announcement

ဆာယိုကို သူ့ကြောင်လေးတွေကို မိတ်ဆက်ပေးတယ်။ သုံးရောင်ခြယ်ကြောင်ကလေးကတော့ တစ်နှစ်သားပဲရှိသေးပေမဲ့ သိပ်သွက်ပါသတဲ့။ လိမ္မော်ရောင်ကြောင်ကျားလေးကတော့ အသက် ၁၄ နှစ်ရှိပြီမို့ ကြောင်ဘွားဘွားပါတဲ့။ အဘွားဟာ လိမ္မောရောင်ကြောင်ဘွားဘွားကိုငှားဖို့ ရွေးလိုက်ပါတယ်။ အဘွားက “သက်ကြီးပိုင်း အဘွားကြီးနှစ်ယောက်ဆိုတော့ တည့်ကြမှာပါနော်”တဲ့။

ဆာယိုကိုက အဘွားအိုကို တစ်ခုတော့ပြောတယ်။ ကြောင်ငှားမယ်ဆိုရင် အရင်ဆုံးအိမ်ကိုလိုက်လံစစ်ဆေးရပါမယ်တဲ့။ တချို့က ကြောင်ကလေးတွေကို နှိပ်စက်တာတွေရှိလို့ပါတဲ့။ စစ်ဆေးတာအဆင်မပြေရင်တော့ ကြောင်ကလေးကို ငှားပေးလို့မရပါဘူးတဲ့။

အဘွားအိုဟာ ကြောင်ကလေးကို ငှားချင်တာကြောင့် ဆာယိုကိုကို အိမ်ခေါ်လာပြီး စစ်ဆေးစေခဲ့ပါတယ်။ အဘွားရဲ့အိမ်ကလေးဟာ သပ်သပ်ရပ်ရပ်ကလေးပါပဲ။ ကြောင်ဓါတ်ပုံလေးတွေလည်း တွေ့တော့မေးကြည့်တော့ သူ့ယောကျာ်းဆုံးပြီးနောက်ပိုင်း သူနဲ့အခင်ဆုံးနေခဲ့တဲ့ ကြောင်ကလေး မိုမိုကိုပါတဲ့။ မနှစ်ကပဲ ဆုံးသွားပြီလို့သိရတယ်။ အဘွားအိုဟာ တစ်ယောက်တည်း အထီးကျန်နေသူဆိုတာ ဆာယိုကို သိလိုက်ရတယ်။ ဆာယိုကိုက အဘွားအိုကို စစ်ဆေးတာအောင်မြင်ကြောင်း ပြောလိုက်တော့ အဘွားခမျာ သိပ်ဝမ်းသာသွားရှာတာ။

ကြောင်ငှားရမ်းတဲ့စာချုပ်ကို ချုပ်ဆိုကြတယ်။ ငှားရမ်းမယ့်ကာလကိုမေးတော့ အဘွားအိုက သူသေဆုံးသွားရင် ကြောင်ကလေးကို ပြန်ခေါ်ပေးမယ်မလားလို့ စိုးရိမ်တကြီးမေးတယ်။ဆာယိုကိုက ခေါင်းညိတ်တော့ အဘွားအိုဝမ်းသာခဲ့တယ်။ ငှားရမ်းခက ယန်းတစ်ထောင်ပဲဆိုတော့ အဘွားအံ့သြနေတာ။

ဆာယိုကိုဟာ အဘွားအိုလိုပဲ အထီးကျန်နေသူတွေကို ကြောင်ကလေးတွေ လိုက်ငှားပေးခဲ့တယ်။ ကြောင်ငှားသူတွေရဲ့ အထီးကျန်ဇာတ်လမ်း​တွေကို ဒီရုပ်ရှင်မှာ ခံစားရမှာပါ။

ဒီဇာတ်ကားဟာ တစ်ကားလုံးနီးပါး ငြိမ်သက်အေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင် အငွေ့အသက်ကို ပေးစွမ်းဖို့အတွက် ပုစဥ်းရင်ကွဲသံတွေနဲ့ ငှက်သံ၊ လေတိုးသံတွေကို နောက်ခံအသံအဖြစ် အဓိက ထည့်သွင်းအသုံးပြုထားပါတယ်။

ဒီဇာတ်ကားကို နာမည်ကျော် အမျိုးသမီးဒါရိုက်တာ Naoko Ogigami ကရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ လူ့ဘောင်အဖွဲ့အစည်းရဲ့ အထီးကျန်ဆန်မှုတွေကို ဟာသနှောပြီး ရိုက်ကူးတတ်သူ ဖြစ်ပါတယ်။

ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်း (အထူးသဖြင့် ဂျပန်နိုင်ငံ) မှာ လူတွေရင်ဆိုင်နေရတဲ့ အထီးကျန်မှု၊ လူမှုဆက်ဆံရေး ခေါင်းပါးလာမှုနဲ့ စိတ်ဖိစီးမှုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောကာ တင်ဆက်ထားတာပါ။

“ကိုယ့်မှာ အထီးကျန် ခံစားနေရတဲ့အခါ ကြောင်တစ်ကောင် အဖော်ပြုတာထက် ပိုကောင်းတာ မရှိပါဘူး” ဆိုတဲ့ ရိုးရှင်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ကျနော်ကတော့ ဇာတ်ကားထဲက ပုစဥ်းရင်ကွဲသံ၊ လေတိုးသံ၊ အိမ်တံစက်မြိတ်က ဖန်ခေါင်းလောင်းသံလေး နားထဲစွဲနေခဲ့တယ်။

စာဖတ်သူတို့ မိတ်ဆွေတွေထဲမှာလည်း ကြောင်ချစ်သူတွေ ရှိမှာပါ။ ကြောင်ချစ်သူတွေရဲ့ ရင်ထဲမှာလည်း အထီးကျန်မှုဝေဒနာကို ခံစားရသူတွေ မနည်းမနော ရှိနေနိုင်ပါတယ်။ ကြောင်လေးတွေ ကိုယ့်ရင်ခွင်ထဲမှာ လာလှဲတာ၊ သို့မဟုတ် ကြောင်လေးတွေကို ပွတ်သပ်ပေးနေချိန်မှာ လူတို့ရဲ့ ကိုယ်ခန္ဓာက ပျော်ရွှင်စေတဲ့ ဟိုမုန်းတွေကို ထွက်ပေါ်စေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကြောင်ကလေးတွေက သခင်ပြန်အလာကိုလည်း မျှော်တတ်လေ့ရှိတာကြောင့် ကိုယ်ပြန်လာမှာကို တစ်စုံတစ်ယောက်က စောင့်မျှော်နေပါလားဆိုတဲ့ခံစားမှုကလည်း အထီးကျန်မှုကို သက်သာစေမယ်ထင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့တတွေ ကိုယ့်ရပ်ဌာနေက စွန့်ခွာခဲ့ကြရတယ်။ တချို့က အသက်တွေပေးခဲ့ကြရတယ်။ မိသားစုတွေ တကွဲတပြား ဖြစ်သွားကြတယ်။ရပ်ဝေးမြေခြားမှာတစ်ယောက်တည်း ရုန်းကန်နေရတဲ့၊ အထီးကျန်တဲ့ဝေဒနါကို နင့်နင့်သီးသီးခံစားနေရသူတွေလည်း ရှိပါတယ်။ သူတို့တတွေ အထီးကျန်တဲ့ ဝေဒနါကို ဘယ်လိုများ ဖြေဖျောက်နေကြပါသလဲ။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

အသက် ၁၀ နှစ်အရွယ် ကလေးမ လေးချိဟိရို ဟာ မိဘတွေနဲ့အတူ မြို့သစ်ဘက်ကို ကားလေးတစ်စီးနဲ့ ပြောင်းရွှေ့လာခဲ့တယ်။ ကားကိုမောင်းတဲ့သူ့ဖေဖေဟာ လမ်းမှားပြီး ဆန်းကြယ်တဲ့ လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့တယ်။အဖေကောအမေပါ လိုဏ်ခေါင်းထဲဝင်ပြီး စပ်စုကြတော့ သူလည်း ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။

ရုပ်ရှင်ခံစားမှု

ကျမနာမည် ယဲ့ရှုးရိုပါ။ မြေပိုင်ရှင် သူဌေးသမီးလေးတစ်ယောက်ပေါ့။ သူနဲ့စဆုံတုန်းက သူကော ကျမပါ အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ မှတ်မိပါသေးတယ်။ အဲဒီအချိန်က ဂျပန်ကိုတိုက်ထုတ်ပြီးချိန် ကျမတို့ရွာမှာ ဘုရားပွဲတွေ ပြန်ကျင်းပတော့ အလှည့်လှည့်ချိန် ကျမက ရှေ့ဆုံးကနေ အလံကိုင်ရတယ်။ အဲဒီလို အလံကိုင်ပြီး လှည့်ချိန်မှာ...

ရုပ်ရှင်ခံစားမှု

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

ရုပ်ရှင်ခံစားမှု

ဟာမင်တို့မိသားစုမှာ မိခင်ဖြစ်သူရယ် အကိုရယ်ဆိုပြီး မိသားစုဝင် ၃ ယောက်ရှိပါတယ်။ ဖခင်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။ တစ်ရက်တော့ အကို ကျောင်းသွားကာနီး အမေက သူချက်ထားတဲ့ဟင်း​လေးနဲ့ ဇွတ်ခွံ့ကျွေးနေတယ်။အကိုဖြစ်သူဟာ ကပျာကယာနဲ့ ကျောင်းသွားခဲ့တယ်။ နောက်တော့ အကိုဖြစ်သူ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့တယ်။