သီဟံ ရေးသားသည်။
တနင်္လာနေ့ကဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံးအကြိမ် ဒေါသပေါက်ကွဲပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် CNN၊ MS NOW နဲ့ Politico သတင်းဌာနတွေက သတင်းထောက်တွေ အိမ်ဖြူတော်အတွင်း ဝင်ရောက်သတင်းယူခွင့် ပိတ်ပင်ခံခဲ့ရပြီး၊သတင်းထောက်အသိအမှတ်ပြုကတ် (press badge) တွေကိုပါ ပိတ်သိမ်းခံခဲ့ရပါတယ်။ အဆိုပါ ဝင်ရောက်ခွင့်များ ပြန်လည်ရရှိရန် ရည်ရွယ်ပြီး သတင်းဌာနတွေက သမ္မတဒေါ်နယ်ထရမ့်နဲ့ ထရမ့်ရဲ့ အကြီးတန်းအကြံပေး ၃ ဦးကို တရားစွဲဆိုလိုက်ကြောင်း The Washington Post က ဖော်ပြထားပါတယ်။
တရားစွဲဆိုမှုနဲ့အတူထုတ်ပြန်ခဲ့တဲ့ပူးတွဲကြေညာချက်မှာ CNN၊ MS NOW နဲ့ Politico တို့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရုတ်တရက် သတင်းဖော်ပြခွင့် ပိတ်ပင်ခံခဲ့ရမှုဟာ “သတင်းလွတ်လပ်ခွင့်ကို အာမခံထားတဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက် (First Amendment) စည်းမျဉ်းတွေကို ဗြောင်ကျကျ ချိုးဖောက်တာလည်း ဖြစ်တယ်”လို့ ဖော်ပြခဲ့ပါတယ်။
အခုလိုတရားစွဲဆိုမှုဟာသတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့အတွက်သင့်လျော်မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး၊နောက်ဆုံးမှာအနိုင်ရနိုင်ခြေရှိနေကြောင်းThe Guardian ကလည်း သုံးသပ်ထားပါတယ်။

Public Service Announcement
မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူတွေကတော့အခုလို သတင်းရယူခွင့် ပိတ်ပင်မှုဟာ “viewpoint discrimination” လို့ခေါ်တဲ့ (အမြင်သဘောထားအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု) ဆိုတဲ့ ဥပဒေချိုးဖောက်မှုနဲ့ ကိုက်ညီနိုင်ကြောင်း ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
တကယ်တော့ အဆိုပါ ပိတ်ပင်မှုဟာ ထရမ့်က သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို မနှစ်သက်တာကြောင့် အိမ်ဖြူတော်သတင်းဖော်ပြခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး CNA ကဖော်ပြထားရာမှာအဆိုပါတရားဆွဲဆိုမှုအပြင် မီဒီယာလောကအတွင်းမှာလည်း ထရမ့်ရဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်တုံ့ပြန်မှုတွေ ပေါ်ပေါက်လာကြောင်း ဖော်ပြထားပါတယ်။ အမေရိကန် ရုပ်သံလိုင်းတွေကလည်း ယင်းလုပ်ရပ်ကို မကျေနပ်ကြတဲ့အတွက် တနင်္လာနေ့ (စက်တင်ဘာ ၂၁) မှာ စုပေါင်းပြီး သမ္မတထရမ့်ရဲ့ သတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်မှု မပြုလုပ်ဘဲ သပိတ်မှောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
ယခုအကြိမ်ထရမ့်ရဲ့ပိတ်ပင်မှုဟာရုံးခန်းနေရာတွေ ပြန်လည်ရုပ်သိမ်းလိုက်တာထက် ပိုမိုပြင်းထန်ခဲ့ပါတယ်။ CNN၊ MS NOW နဲ့ Politico တို့ရဲ့ သတင်းထောက်တွေဟာ စနေနေ့ကတည်းက အိမ်ဖြူတော်ဝင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး သတင်းထောက်ကတ်တွေကိုပါသိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့်သတင်းဌာနတွေကတရားရုံးလျှောက်လွှာမှာ ဒီပိတ်ပင်မှုဟာ သတင်းမီဒီယာတွေရဲ့ အိမ်ဖြူတော်သတင်းရယူခွင့်ကို ကန့်သတ်ခြင်းသာမက၊ အစိုးရရဲ့ လုပ်ရပ်များကိုလွတ်လပ်စွာစောင့်ကြည့်ဖော်ပြနိုင်ရေးအတွက် အခြေခံကျတဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများကို ထိခိုက်စေကြောင်း ရေးသားခဲ့ကြပါတယ်။
အမေရိကန်ခရိုင်တရားသူကြီးတစ်ဦးကလည်း ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး ကြားနာပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ ရက်ချိန်းပေးထားပြီလို့ သတင်းဖေါ်ပြချက်တွေအရ သိပါတယ်။
ဒီလို အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ထရမ့်ရဲ့ အိမ်ဖြူတော် ရဟတ်ယာဉ်ကွင်းသစ် ဖွင့်ပွဲနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်တဲ့ ခရီးစဉ်တွေကိုလည်း တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုမရှိဘဲ ဖြတ်သန်းခဲ့ရပါတယ်။
“ရှားရှားပါးပါး လုပ်ဆောင်မှုတစ်ခုအနေနဲ့ အမေရိကန်ရဲ့ထိပ်တန်း ရုပ်သံလိုင်း ၅ လိုင်းဟာ တနင်္လာနေ့မှာCNN နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အိမ်ဖြူတော် သတင်းတွေကို တစ်လှည့်စီ ပူးပေါင်းရိုက်ကူးပေးရတဲ့ (Pool Coverage)လုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်ကြပါတယ်”။
တကယ်တော့ တနင်္လာနေ့မှာ အိမ်ဖြူတော် သတင်းရိုက်ကူးရေး တာဝန်ကျတဲ့ သတင်းဌာနဟာ CNN ဖြစ်ပါတယ်။
“ပြည်သူတွေဟာ မိမိတို့အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ လွတ်လပ်သော သတင်းအချက်အလက်တွေကို ရရှိပိုင်ခွင့်ရှိပါတယ်။ဘယ်အစိုးရအဖွဲ့မဆိုသူတို့နဲ့ပတ်သက်တဲ့ သတင်းဖော်ပြချက်တွေကို သဘောမကျတာတစ်ခုတည်းနဲ့ သတင်းအဖွဲ့အစည်းတစ်ခုကို ပိတ်ပင်တားဆီးခွင့်မရှိပါဘူး။” လို့ ABC၊ CBS၊ CNN၊ Fox နဲ့ NBC သတင်းဌာနတို့ကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြတာပါ။
ဒီဖြစ်စဉ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်၊ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေတဲ့ တရုတ်သမ္မတရှီးကျင့်ဖျင် အိမ်ဖြူတော်ကို လာရောက်လည်ပတ်မယ့် အရေးကြီးတဲ့ သတင်းပတ်အတွင်း တိုက်ဆိုင်စွာ ဖြစ်ပေါ်လာခဲ့ပြီး ထရန့်အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာတွေကြားမကြုံစဖူး တင်းမာမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီတင်းမာမှုရဲ့အကျိုးဆက်အဖြစ်နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထရမ့် တွေ့ဆုံမှုတွေကို ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာကျင်းပခဲ့တဲ့ရဟတ်ယာဉ်ကွင်းသစ် ဖဲကြိုးဖြတ်ဖွင့်ပွဲကိုလည်း အိမ်ဖြူတော်ရဲ့ ဝဘ်ဆိုက်ကနေသာ Live (တိုက်ရိုက်)ထုတ်လွှင့် ခဲ့ရပြီး၊ ထရမ့်ရဲ့ ပြောစကားတွေကိုလည်း အသံမပါဘဲ ထုတ်လွှင့်ခဲ့ရပါတယ်။
AFP အပါအဝင် အိမ်ဖြူတော်သတင်းဓာတ်ပုံ ရယူခွင့်ရှိတဲ့ ဓာတ်ပုံသတင်းဌာန အများအပြားကလည်း ပိတ်ပင်ခံထားရတဲ့ သတင်းဌာန ၃ ခုနဲ့အတူ ရပ်တည်တဲ့အနေနဲ့ ရဟတ်ယာဉ်ကွင်းမှာ ရိုက်ကူးထားတဲ့ ထရမ့်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ပေးမှု ရပ်ဆိုင်းခဲ့ကြပါတယ်။
ထရမ့်ကတော့ ဒီကိစ္စအပေါ် နောင်တရတဲ့ အရိပ်အယောင် မပြသဘဲ မီဒီယာတွေကို “ကင်ဆာရောဂါ” နဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေအဖြစ် ပြန်လည်စွပ်စွဲထားပါတယ်။
“အိမ်ဖြူတော်အနေနဲ့ ကျွန်တော် အမြဲတမ်း တန်ဖိုးထားတဲ့ ‘လွတ်လပ်တဲ့ မီဒီယာ’ တွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာရောဂါလို ပျံ့နှံ့လာနေတဲ့ ‘သတင်းတု/သတင်းမှား’ (FAKE NEWS) တွေကိုသာ တိုက်ခိုက်နေတာပါ”လို့ ထရမ့်က သူ့ရဲ့ Truth Social ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ထရမ့်ဟာအခု ပိတ်ပင်မှုရဲ့ အသေးစိတ်အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေမယ့် သောကြာနေ့က Oval Office အတွင်း AFP သတင်းထောက်ရဲ့ မေးမြန်းမှုကိုဖြေကြားရာမှာတော့ “လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ တဖြည်းဖြည်း စုပုံလာတာကြောင့်”လို့ပြောခဲ့ပြီး၊ တခြားသတင်းဌာနတွေလည်း အလားတူ အရေးယူခံရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
အလားတူ အိမ်ဖြူတော်ဟာ “Gulf of Mexico” ကို “Gulf of America” လို့ သုံးစွဲရမယ်ဆိုတဲ့ မူဝါဒကို မလိုက်နာတဲ့အတွက် AP သတင်းထောက်တစ်ဦးကိုလည်း Oval Office အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။
နိုင်ငံရေးလောကထဲ မဝင်ရောက်မီ CNN ရဲ့ သတင်းသုံးသပ်သူအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ ဒုတိယသမ္မတ JD Vance ကလည်း သတင်းဌာနတွေဟာ “လက်ဝဲယိမ်း ဝါဒဖြန့်မှုတွေ”ကို ဖြန့်ဝေနေတယ်လို့ စွပ်စွဲခဲ့ပါတယ်လို့ CNA က ထောက်ပြထားပါတယ်။
“သူတို့အနေနဲ့ သတင်းဆက်ရေးနိုင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်လည်း ရှိနေပါသေးတယ်။ဒါပေမယ့် အိမ်ဖြူတော်အတွင်းမှာ သီးသန့်ရုံးခန်း ရရှိတော့မှာ မဟုတ်တာပဲ ရှိပါတယ်” လို့ Vance က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တနင်္လာနေ့ညနေပိုင်းမှာ အိမ်ဖြူတော်က “Trump TV”ဆိုတဲ့တိုက်ရိုက်ထုတ်လွှင့်ရေး လိုင်းတစ်ခုကို စတင်လိုက်ပြီး အဆိုပါလိုင်းမှာ“ထိပ်တန်းဗီဒီယိုတွေ၊ အရေးကြီး မိန့်ခွန်းတွေနဲ့ ကြည့်ရှုသင့်တဲ့ အကြောင်းအရာတွေကို ၂၄ နာရီပတ်လုံး အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်သွားမယ်”လို့ဆိုပါတယ်။
ဒါပေမယ့် လိုင်းစတင်ထုတ်လွှင့်ချိန်မှာတော့ ဇူလိုင် ၃ ရက်က ရပ်ရှ်မိုးတောင်မှာ ထရမ့် ပြောခဲ့တဲ့ မိန့်ခွန်းဟောင်းတွေကိုပဲ ပြန်လည်ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ သမ္မတထရန့်ရဲ့ ရုတ်တရက် ပိတ်ပင်လိုက်တဲ့ ကြေညာချက်ကြောင့် မီဒီယာတွေတင် မကဘဲ သူ့ရဲ့အစိုးရအဖွဲ့အတွင်းရှိ အရာရှိအများအပြားပါ အံ့အားသင့်ခဲ့ကြရပါတယ်။
ဘီလျံနာသူဌေးကြီးနဲ့ ရုပ်သံကြယ်ပွင့်ဟောင်းဖြစ်တဲ့ ထရမ့်ဟာရွေးကောက်ပွဲ စည်းရုံးရေးကာလကတည်းကအစိုးရတာဝန်ယူပြီးနောက်ပိုင်းအထိ မိမိကို ဝေဖန်ရေးသားတဲ့ မီဒီယာတွေကို “ပြည်သူ့ရန်သူ” လို့ ခေါ်ဆိုပြီး တိုက်ခိုက်လေ့ရှိပါတယ်။
ဒါပေမယ့် ယခုတစ်ကြိမ် လုပ်ရပ်ဟာ ထရမ့်ရဲ့ထောက်ခံမှုနှုန်းထားတွေစံချိန်တင်ကျဆင်းနေချိန်၊ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်ထိန်းချုပ်ခွင့် ဆုံးရှုံးနိုင်ခြေ ရှိနေချိန်နဲ့ အီရန်စစ်ပွဲ အဆုံးသတ်မယ့် အရိပ်အယောင် မမြင်ရသေးတဲ့အရေးကြီးတဲ့ အချိန်ကာလအတွင်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒီလို နိုင်ငံရေးဖိအားများနေတဲ့အချိန်ကာလအတွင်းပေါ်ပေါက်လာတဲ့အတွက်အခုဖြစ်ရပ်ဟာ ထရမ့်နဲ့ မီဒီယာတွေကြား အငြင်းပွားမှုတစ်ခုသာမကဘဲ၊ အမေရိကန်နိုင်ငံမှာ အစိုးရအာဏာနဲ့ သတင်းလွတ်လပ်ခွင့်ကြား ဆက်နွယ်မှုအပေါ် ထပ်မံစောင့်ကြည့်ရမယ့် အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကိုးကား – The Washington Post, The Guardian, CNA



















































