နိုဝင်ဘာ ၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းမြို့အနောက်ခြမ်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကြွယ်လူးကျေးရွာ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ အောက်တိုဘာ တတိယပတ်အတွင်းက ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေခဲ့တာပါ။
မနေ့ညက စစ်ကိုင်းမြို့အနောက်ခြမ်း ဆင်မြေကျေးရွာမှာ ညအိပ်ခဲ့တဲ့ အင်အား ၄၅ ဦးခန့်ပါ စစ်တပ်ဟာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်မနက်မှာတော့ ကြွယ်လူးကျေးရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကိုင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့က ပြောပါတယ်။

Public Service Announcement
“အဖမ်းခံရတဲ့ အရေအတွက်တော့ အတိကျ မသိရဘူး”လို့ Ground Press အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီနောက် စစ်ကြောင်းဟာ ဆက်လက်ထွက်ခွာသွားပြီး မနက် ၁၁ နာရီခွဲခန့်မှာ တဲကြီးကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီကနေ့ညမှာတော့ ဇီးချောင်းရွာနဲ့ ဥယျဥ်ကျေးရွာကြားရှိ ဘုန်းကြီးကျောင်းမှာ ညအိပ်နေတယ်လို့ သိရပါတယ်။
စစ်ကြောင်းစတင်ဝင်ရောက်မယ့် အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ငါးထပ်ကြီးဘုရားအနောက်ဘက်ခြမ်း၊ အနောက်တာကျေးရွာတွေကို စစ်တပ်က Mi-35 ရဟတ်ယာဉ်နဲ့ ၂ ရက်ဆက် ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီးနွားအချို့ပါ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအချို့နဲ့ ရွှေလှေကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂) သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။





















































