ရုရှားဟာ အီရန်အတွက် ရဟတ်ယာဉ်တွေမှာ တပ်ဆင် ပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးကျည်လောင်ချာ ၉၀ တင်ပို့ဖို့ သဘောတူခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
Financial Times သတင်းဌာနက အဲဒီ လက်နက် အရောင်းအဝယ် သဘောတူညီမှု စာရွက်စာတမ်းတွေကို နိုဝင်ဘာ ၅ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ပေါက်ကြားလာတဲ့ အဲဒီစာရွက်စာတမ်းတွေကို ရုရှား စစ်လက်နက် ကုမ္ပဏီ တစ်ခုရဲ့ သတင်းရင်းမြစ်ဆီကနေ ရရှိခဲ့တာလို့ Financial Timesက ပြောပါတယ်။
ဒီကိစ္စဟာ ရုရှားနဲ့ အီရန်ကြားက စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဖုံးကွယ်ထားတဲ့ အစိတ်အပိုင်း တစ်ခုကို ဖော်ထုတ်လာခြင်းလည်း ဖြစ်ပါတယ်။ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရုရှား ကာကွယ်ရေး စက်မှုလုပ်ငန်း တစ်ခုဆီ ရောက်လာတဲ့ အမှာစာတွေကို Financial Timesက ရရှိလာခဲ့တာပါ။
အဲဒီ အမှာစာအရ K-10လို့ ကုတ်ဒ်နာမည်ဝှက် ပေးထားတဲ့ ဝယ်လက်ဆီကို APU-L လောင်ချာ ၉၀ တင်ပို့ပေးရမှာ ဖြစ်ပါတယ်။ တခြားစာရွက်စာတမ်း တစ်ခုမှာတော့ K-10 ဆိုတာက ရုရှားအစိုးရပိုင် လက်နက်ကုမ္ပဏီက အီရန်ကို ရည်ညွှန်းတဲ့ ကုတ်ဒ်နာမည်ဝှက်ဆိုတာ ဖော်ပြထားပါတယ်။

Public Service Announcement
အဲဒီ ဒုံးကျည်ပစ် လောင်ချာတွေကို ရုရှားက တကယ်ပဲ အီရန်ဆီ တင်ပို့ခဲ့သလား ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်ပါဘူး။ APU-L ဒုံးကျည်ပစ် လောင်ချာတွေဟာ LMUR ဒါမှမဟုတ် Izdeliye 305 အမျိုးအစား ဒုံးကျည်တွေကို ပစ်လွှတ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ရွေ့လျား ပစ်မှတ်တွေကိုပါ ခြေရာခံ တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်တွေကို ယူကရိန်း စစ်ပွဲမှာ ရုရှား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခဲ့ပါတယ်။ ရုရှားရဲ့ Mi-28 ရဟတ်ယာဉ်တွေမှာ အဓိက တပ်ဆင်လေ့ရှိတဲ့ လောင်ချာစနစ်တွေဟာ တစ်ခုကို ဒုံးကျည် ၂ စင်းထိ ပစ်ခတ်နိုင်ပါတယ်။
အီရန်ဟာ ရုရှားဆီကနေ Mi-28 ရဟတ်ယာဉ်တွေ ဝယ်ယူထားပြီး ဖြစ်ပါတယ်။ ၂၀၂၆ နှစ်ဆန်းပိုင်းတုန်းကလည်း တဟီရန် မြို့တော်ထဲမှာ Mi-28 ရဟတ်ယာဉ်တစ်စီး ရှိနေတာကို ဓာတ်ပုံမှတ်တမ်းတွေအရ အတည်ပြု တွေ့ရှိခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ ရုရှားဟာ အသံထက်မြန်အောင် ပျံသန်းနိုင်တဲ့ ခရုစ်ဒုံးကျည် နည်းပညာ မြှင့်တင်ရေး အတွက်ပါ အီရန်ကို အကူအညီတွေ ပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း Financial Timesက ဖော်ပြခဲ့ပါတယ်။ အီရန်ဟာ အဲဒီနည်းပညာကို ပိုပြီး ထဲထဲဝင်ဝင် အဆင့်မြှင့်တင်လာမယ်ဆိုရင် ဒေသတွင်းက အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် တုံ့ပြန် ပစ်ချနိုင်ခြေ ပိုမိုနည်းပါးသွားနိုင်ပြီး အခက်ကြုံလာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
Financial Timesရဲ့ အရင် သတင်းတွေအရ ရုရှားဟာ Verba အမျိုးအစား ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည်တွေကိုလည်း အီရန်ဆီ ထောက်ပံ့ပေးဖို့ သဘောတူထားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Financial Times




















































