လူမှောင်ခို ဂိုဏ်းတစ်ခုနဲ့ တိုက်ပွဲဖြစ်ပွားရာက ဘင်္ဂလားဒေ့ရှ် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ ကော့စ်ဘဇား ဒေသက တက္ကနက်ဖ် မြို့နယ်ထဲမှာ စစ်တပ်နဲ့ လူမှောင်ခို လက်နက်ကိုင်ဂိုဏ်းအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင် လူမှောင်ခိုသမား ၅ ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီး ချုပ်နှောင် ခံထားရတဲ့ လူမှောင်ခိုမှု သားကောင် ၅၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်တပ်ရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
တက္ကနက်ဖ်ရဲ့ မတ်စောက်တဲ့ တောင်စောင်းတွေ တည်ရှိရာ ရန်ဂီခါလီ ဧရိယာမှာ သတင်းအရ စီးနင်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် လူမှောင်ခိုဂိုဏ်းရဲ့ တည်နေရာကို ရှာဖွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေ စုစုပေါင်း ၁၂၀ လောက်ကို လက်နက်ကိုင် ၁၅ ယောက်၊ ၁၆ ယောက်လောက်က ဖမ်းဆီး ချုပ်နှောင်ထားကြောင်း စစ်တပ်က သတင်းရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကြည်းတပ်ရဲ့ အမှတ် ၁၀ ခြေမြန်တပ်မ လက်အောက်ခံ တပ်တွေ၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တာလို့ ISPRက ထုတ်ပြန်ခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း အသက် ၂၇ နှစ်အရွယ် တပ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရသွားတာကြောင့် နီးစပ်ရာ ဆေးရုံဆီ တင်ပို့ခဲ့ပြီး အဲဒီနောက် ရာမူက စစ်ဆေးရုံဆီ ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ပူးပေါင်းအဖွဲ့ဟာ အခင်းဖြစ်တဲ့ နေရာမှာ ပစ္စတိုတစ်လက်၊ လက်လုပ်သေနတ် တစ်လက်နဲ့ ကျည်တောင့် ၄ ခုကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြေကွဲကြောင်း စစ်တပ်က ထုတ်ပြန်ထားပြီး ရုပ်အလောင်းကိုတော့ နိုဝင်ဘာ ၆ ရက်နေ့ကျရင် မိသားစုဆီ ပြန်လည် လွှဲပြောင်းပေးသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
ကိုးကား: TBS News





















































