Connect with us

Hi, what are you looking for?

သတင်း

မော်လူး​ဒေသတိုက်ပွဲမှာပိတ်မိ​နေသူ​တွေရှိ​

စစ်တပ်က မော်လူးမြို့မှာပြည်သူ​တွေကိုအိမ်ပြင်ထွက်ခွင့်မပေးဘဲ၊ထွက်ရင်ပစ်သတ်မယ်ဟုခြိမ်း​ခြောက်ပြီး လူသားဒိုင်းလုပ်

(​မော်လူး​ဒေသမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ကား၁ စီးမီး​လောင်စဥ်။ဓါတ်ပုံ-​ဒေသခံ)

နိုဝင်ဘာ-၆၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/ People’s Spring

တိုက်ပွဲတွေကြောင့်မော်လူး၊ပေကုန်းနဲ့နန့်စီးအောင် ‌‌‌‌‌‌ကို ရောက်နေတဲ့မြစ်ကြီးနား-‌ ရွှေဘိုအဆင်းကားအားလုံးကို ကချင်ပြည်နယ်အတွင်းပြန်လှည့်ခိုင်းနေပေမယ့် စစ်အုပ်စုက ပိတ်ထားတာကြောင့် မော်လူးနဲ့ပေကုန်းမှာ ပိတ်မိနေတဲ့ ပြည်သူ‌ တွေလည်းရှိ​နေတယ်လို့စုံစမ်းသိရတယ်။

နိုဝင်ဘာ၆ရက်နေ့ခင်းပိုင်းကစပြီး ပြည်သူ့ကားတွေအားလုံး ပြန်လှည့် နေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။ဒီ​နေ့နေ့ခင်းပိုင်းမှာ မော်လူးမြို့အခြေ အနေပိုဆိုးလာတာ ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကား တွေပြန်လှည့်ခိုင်းတာမို့ ခရီးသည်တင်နဲ့ ကုန်ကားအားလုံး ကချင်ပြည်နယ်အထိ ပြန်လှည့်ရတယ်လို့ သိပါတယ်။

“အခုမော်လူးထဲမှာတော့ကားတွေမရှိသလောက်ပဲ။ကွင်းလမ်းက နေလှည့်လာရတာ။ကျွန်တော်တို့လည်း နန့်စီးအောင်ကို ရောက်ပြီ။မော်လူး၊ပေကုန်း၊နန့်စီး အောင်အကုန်ပြန်လှည့်ပြီး ကချင်ပြည်နယ်ထဲကိုပြန်ဝင်ခိုင်းတာပါ”လို့ ခရီးသည်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် မော်လူးမြို့တွင်းနေရာတချို့မှာလည်းစစ်တပ်ကအပြင်ထွက်ရင်ပစ်သတ်မယ်လို့ ခြိမ်း​ခြောက်ထားတာကြောင့် မြို့တွင်းမှာ ပိတ်မိ နေသူတွေလည်းရှိတယ်လို့ဒေသခံအချို့က​​ပြောပါတယ်။

“တချို့နေရာတွေမှာထွက်ခွင့်မပေးလို့ ပိတ်မိနေတဲ့ သူ တွေရှိတယ်။တချို့လမ်းပိုင်းမှာတော့ ကားတွေထားခဲ့ပြီး လူတွေထွက်ပြေးလာရတာတွေလည်းရှိတယ်။ပေကုန်းမှာက ကားတွေရော၊လူတွေရောကျန်နေသေးတယ်”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

အင်းတော်သတင်းတွေတင်ဆက်နေတဲ့(Indaw Revolution -IR)ကလည်းမော်လူးမြို့မှာ စစ်ရေးတင်းမာနေပြီး မော်လူးမြို့က စစ်တပ်ခန့် အုပ်ကြီးသန်းနိုင်က ပြည်သူတွေထွက်‌ပြေးတိမ်းရှောင်မှာစိုးလို့ အိမ်ထဲကအိမ်ပြင်မထွက်ရ၊ ထွက်လျှင်ပစ်သတ်မယ်လို့ အမိန့်ထုတ်ပြီး စစ်တပ်အတွက်လူသားဒိုင်းပြုလုပ်ပေးနေတယ်လို့ ​ဖော်ပြထားပါတယ်။

နိုဝင်ဘာလ၅ ရက်နေ့၊မနက်ပိုင်းကတည်းက မော်လူးမြို့ရဲ့ တောင်ဘက်မှာစစ်တပ်နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မော်လူးမြို့အတွင်းထိဒရုန်းနဲ့လက်နက်ကြီး တွေကျကာကုန်တင်ယာဉ်တွေ အပါအဝင် လူထိခိုက်မှု တွေရှိခဲ့ပါတယ်။

နိုဝင်ဘာလ၆ ရက်မနက်ပိုင်းမှာ စစ်တပ်ကမြို့ တောင်ဘက်နဲ့ မြို့အနီး ဝန်းကျင်ကို လေ ကြောင်းတိုက်ခိုက်မှု တွေပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတာတွေဆက်တိုက်လုပ်လာပြီးမော်လူးမြို့တွင်းက ကုန်တင်ကား၂စီးမီး လောင်ခဲ့ကာ ကားတချို့လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။

မော်လူးမြို့အနီးဝန်းကျင်ကို စစ်တပ်ကနိုဝင်ဘာလ ၃ရက်နေ့ကစပြီးဗုံးကြဲနေတာပါ။ စစ်တပ်ကနိုဝင်ဘာလ ၅ရက်မှာ ဗုံးကြဲတာမှာ ကားတစ်စီးမီးလောင်သလို စာသင်ကျောင်းကို ဒရုန်းဗုံးချလို့ ‌အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်ဒေသတွင်းက ကသာ – ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ – မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာလ ၅ရက်ကစပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းကလည်း သတိပေးထားပါတယ်။

မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လမှာ မန္တလေးထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီးစစ်ကြောင်းတွေဝင်ရောက်လာပြီးစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

၂၀၂၅ မေလအတွင်းကတိုက်ပွဲတွေမှာလည်း မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်း တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်တွေကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်တပ်အထိနာခဲ့ပါတယ်။

ဆက်စပ်သတင်းများ