နိုဝင်ဘာ-၆၊၂၀၂၆။တေဇ/People’s Spring
နောဝေနိုင်ငံအခြေစိုက်တယ်လီနောကုမ္ပဏီရဲ့မြန်မာအပေါ် ကျူးလွန်ခဲ့တာတွေကို တာဝန်ခံစေဖို့ကြိုးစားခဲ့သူတစ်ဦးဖြစ်တဲ့ Justice and Accountability Initiative (JAI)ရဲ့ဥက္ကဌ ဦးရဲလင်းမြင့်က ၂၀၂၆ အတွက် Magnitsky လူ့အခွင့်အရေးဆုကို ရရှိခဲ့ပါတယ်။
“ဒီဆုဟာ ကျွန်တော့်တစ်ယောက်တည်းထက် အများကြီး ပိုမိုကြီးမားကျယ်ပြန့်ပါတယ်။ Telenor ကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့နဲ့ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကို ကာကွယ်ဖို့တိုက်ပွဲမှာကျွန်တော်နဲ့အတူပါဝင်ခဲ့ကြသူတွေသာ မရှိရင် ဒီဆုဆိုတာဖြစ်လာနိုင်မှာ မဟုတ်ပါဘူး”လို့ ဦးရဲလင်းမြင့်ကပြောပါတယ်။
ဒီလိုအခြေအနေကိုရောက်လာခဲ့တာက ထိခိုက်နစ်နာသူတွေ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ထောက်ခံသူတွေနဲ့ ဥပဒေပညာရှင်တွေရဲ့ စုပေါင်းကြိုးပမ်းမှုကြောင့် ဖြစ်ပြီး ဒီဆုကို စစ်အုပ်စုရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ကြရတဲ့ မြန်မာပြည်သူအားလုံးအတွက် ရည်စူးဂုဏ်ပြုပါတယ်လို့ သူကဆက်ပြောပါတယ်။

Public Service Announcement
ဦးရဲလင်းမြင့်က Telenor ASA မြန်မာနိုင်ငံက တာဝန်မဲ့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၇၄ ဖွဲ့က ဒက်ချ် အဖွဲ့အစည်း SOMO နဲ့အတူ နော်ဝေနိုင်ငံရဲ့ OECD အမျိုးသားဆက်သွယ်ရေးဌာနကို တိုင်ကြားစာ တင်သွင်းရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူပါ။
တယ်လီနောက လုံလောက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်အကဲဖြတ်မှုကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့နော်ဝေအမျိုးသားဆက်သွယ်ရေးဌာနက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် ဒီကိစ္စကိုဆက်လက်လုပ်ဆောင်နိုင်ဖို့ ဦးရဲလင်းမြင့်က ဒီနှစ်ထဲမှာပဲ JIA ကို ဆွီဒင်နိုင်ငံ မှာ တည်ထောင်ခဲ့ပြီး JIA အနေနဲ့ စစ်တပ်ဆီကိုအချက်အလက်မျှဝေခံခဲ့ရတဲ့ တယ်လီနောမြန်မာသုံးစွဲသူအနည်းဆုံး၁,၂၅၃ ဦးကိုယ်စား နော်ဝေနိုင်ငံမှာ တယ်လီနောအပေါ် သမိုင်းဝင် အစုအဖွဲ့လိုက်တရားစွဲဆိုမှုကို ဦးဆောင်ခဲ့ပါတယ်။
“ဒီဆုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေရင် အကြီးမားဆုံး နိုင်ငံတကာကော်ပိုရေးရှင်းတွေကိုတောင် ရင်ဆိုင်ဖို့ ကျွန်တော်တို့ တွန့်ဆုတ်မနေသင့်ဘူးဆိုတာကို အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။ ပိုမိုတရားမျှတပြီး လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေဖို့အတွက် ကုမ္ပဏီတွေရဲ့ တာဝန်ခံမှုအပေါ် အာရုံစိုက်လာစေဖို့ ဒီဆုက အထောက်အကူ ဖြစ်စေပါတယ်”လို့ဦးရဲလင်းမြင့်က ပြောပါတယ်။
Magnitsky လူ့အခွင့်အရေးဆုကို ၂၀၂၂ မှာ မြန်မာတက်ကြွလှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည်က ထူးခြားထင်ရှားတဲ့လူငယ်လူ့အခွင့်အရေးလှုပ်ရှားသူအနေနဲ့ ရရှိခဲ့ဖူးပါတယ်။
ဒီဆုက ကြီးမားတဲ့လိမ်လည်မှုတွေကို ဖော်ထုတ်ခဲ့ပြီး ၂၀၀၉ ခုနှစ်က အကျဉ်းထောင်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ရုရှားရှေ့နေ Sergei Magnitsky ကို ဂုဏ်ပြုပေးအပ်တဲ့ဆုဖြစ်ပါတယ်။
ဒီဆုကို Sir Bill Browder ကတည်ထောင်ခဲ့တာဖြစ်ပြီး Bill Browder က လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အကျင့်ပျက်ခြစားမှု တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ တိုက်တွန်းလှုံ့ဆော်တဲ့ ကမ္ဘာလုံးဆိုင်ရာ Magnitsky တရားမျှတမှုလှုပ်ရှားမှု (Global Magnitsky Justice Campaign) ကို ဦးဆောင်နေသူဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ယူကေနဲ့အခြားနေရာတွေမှာ Magnitsky ဥပဒေတွေ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။





















































