မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာရှိတဲ့ သူတို့ရွာလေးပေါ်ကို တိုက်လေယာဉ်တစ်စီး ဖြတ်ပျံသွားတဲ့ အချိန်မှာ မခင်လှနဲ့ သူ့ရဲ့ မွေးချင်း မောင်နှမ ၅ ယောက်တို့ဟာ ထွက်ပြေးဖို့ အချိန်မမီတော့ပါဘူး။
“ကျွန်မတို့ စုစုပေါင်း မောင်နှမ ၆ ယောက်ပေါ့။ တခြားမြို့မှာ ဘုန်းကြီး ဝတ်နေတဲ့ အစ်ကိုကြီးက အိမ်ပြန်ကြွလာလို့ အားလုံး အတူစုပြီး ဝိုင်းဖွဲ့ စကားပြောနေခဲ့တာ”လို့ အသက် ၆၇ နှစ်အရွယ် မခင်လှက ဆိုပါတယ်။ ဒါဟာ သူ့နာမည် အမှန်တော့ မဟုတ်ပါဘူး။ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် နာမည်လွှဲ အသုံးပြုပေးဖို့ ကာယကံရှင်က မေတ္တာရပ်ခံထားပါတယ်။
“တိုက်လေယာဉ်တစ်စီး ပျံလာတဲ့ အသံအကျယ်ကြီးကို ကျွန်မတို့ အရင်ဆုံး ကြားလိုက်တယ်။ လေယာဉ်သံလည်းအကြား၊ ဗုံးတွေလည်း အကြဲဆိုတော့ ကျွန်မတို့ ပြေးချိန်တောင် မရခဲ့ပါဘူး”လို့ သူက ပြောပြပါတယ်။ ငရဲပွက်သလို အသံတွေ ငြိမ်သက်သွားတဲ့အချိန် မခင်လှဟာ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်ပါတယ်။ သူ့ဘေးမှာတော့ မွေးချင်းတွေရဲ့ ရုပ်အလောင်းတွေ ပြန့်ကြဲနေခဲ့ပါတယ်။
“ကျွန်မနဲ့ နီးနီးလေးမှာတင် အားလုံး သေကုန်ကြတာ”လို့ သူက ဆိုတယ်။ “ကျွန်မရဲ့ မောင်နှမတွေ သေကုန်တာ မြင်လိုက်တဲ့ အချိန်မှာ နာကြည်းလွန်းလို့ ကျွန်မတစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေခဲ့တယ်။ တစ်ပြိုင်တည်းမှာလည်း ဝမ်းနည်းစိတ် လွှမ်းမိုးသွားပြီး တစ်ကိုယ်လုံး ထုံနေသလိုပဲ”လို့ မခင်လှက ဆက်ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁ ဒါဇင်ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မျက်မြင်တွေရဲ့ အဆိုအရ သိရပါတယ်။ ဒါဟာ နိုင်ငံ့အာဏာကို သွေးရူးသွေးတမ်း ဆုပ်ကိုင်ဖို့ အစွမ်းကုန် အားထုတ်နေတဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆုံးပေါ် အထောက်အထား တစ်ခုဆိုရင်လည်း မမှားပါဘူး။
ဇွန် ၂၇ ရက်မှာ စစ်လေယာဉ် တစ်စီးကနေ ဗုံး ၃ လုံး ကြဲချသွားခဲ့ပါတယ်။ ပုလဲ မြို့နယ်ထဲက ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနားမှာ ဗုံးတွေ တဖွဲဖွဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကိုဇော်ထက်က ပြောပါတယ်။
“အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၇ ယောက်၊ စုစုပေါင်း ၁၀ ယောက် အသေအပျောက် ရှိခဲ့တယ်။ ဘုန်းတော်ကြီး ၁ ပါးလည်း ပါတယ်။ ဒဏ်ရာရသူ ၁၅ ယောက်လောက်ကိုတော့ ဆေးရုံ တင်ပို့ခဲ့ရပါတယ်”လို့ သူက CNNကို ပြောပါတယ်။
ဗုံးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် ၁၃ လုံးလောက်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက် ကတည်းက နိုင်ငံအနှံ့မှာ စစ်ကောင်စီ တပ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နိုင်ငံကလည်း ပြည်တွင်းစစ်နွံထဲ တကျော့ပြန် ကျဆင်းသွားပြီး စီးပွားရေး အရှုပ်အထွေးတွေပါ ဖြစ်ပေါ်လာတယ်။
တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာတော့စစ်တပ်က PDFတွေကို ပစ်မှတ်ထားတယ်လို့ အကြောင်းပြပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊မြေပြင်ထိုးစစ်တွေပြုလုပ်လေ့ရှိပါတယ်။ သူတို့ရဲ့ ပစ်မှတ်ထားမှုကြောင့် ကလေးတွေ အများအပြား အပါအဝင် ထောင်နဲ့ချီတဲ့ အရပ်သား ပြည်သူတွေ သေဆုံးခဲ့ကြောင်း စောင့်ကြည့် အဖွဲ့အစည်းတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေ အတွက်တော့ရွာလုံးကျွတ်မီးတင်ရှို့တာတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးပေးခန်းတွေကို ဖျက်ဆီးတာတွေ ဆိုတာက လက်ယဉ်နေပြီးသား လုပ်ရိုးလုပ်စဉ် ကိစ္စပါပဲ။
ဇွန်လ ၂၇ ရက်က လေကြောင်းတိုက်ခိုက်မှုဒဏ် ခံခဲ့ရတဲ့ ကျေးရွာဟာ စစ်ကိုင်းတိုင်း ဒေသကြီးထဲမှာ စစ်ကောင်စီရဲ့ ဩဇာသက်ရောက်နိုင်စွမ်း မရှိတော့ဘဲ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား စတင်ထူထောင်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကိုဇော်ထက်ကတော့ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားချိန်တုန်းက ရွာထဲမှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) အဖွဲ့သားတွေ လုံးဝ ရှိမနေခဲ့ပါဘူးလို့ အခိုင်အမာ ပြောပြီး စစ်ကောင်စီဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း စွပ်စွဲသွားပါတယ်။
“သူတို့ (စစ်တပ်)က လာတယ်ဗျာ။ ပြီးတော့ ဗုံးကြဲသွားတယ်။ ဒါပါပဲ။ လူနေ ကျေးရွာတစ်ခုကို စစ်ရေးပစ်မှတ်လို့ သဘောထားပြီး အခုလို လုပ်ရက်တာက လူမဆန်လွန်း၊ ရက်စက်လွန်းပါတယ်”လို့ သူက ဆိုတယ်။
CNN အနေနဲ့ အခုဖြစ်စဉ်ကို တိတိကျကျ အတည်ပြုဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ မျက်မြင်တွေရဲ့ ထွက်ဆိုချက်တွေဟာ ဒေသခံ မီဒီယာတွေရဲ့ သတင်းဖော်ပြမှုတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကိုက်ညီနေတယ်။
CNNက အခုလေကြောင်းတိုက်ခိုက်မှု အကြောင်းကို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းဆီ ဆက်သွယ်ပြီး မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာမျိုးတော့ မရှိခဲ့ပါဘူး။
လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ကွင်းတွေရဲ့ မှတ်တမ်း ဓာတ်ပုံတွေကို CNNက ရရှိခဲ့ရာမှာ နေအိမ်တွေ မီးလောင်ကျွမ်းထားတာတွေ, မည်းတူး ပြာကျနေတဲ့ အပျက်အစီး အကြွင်းအကျန်တွေကို ရွာသားတွေ ရေတွေနဲ့ပက်ပြီး မီးငြှိမ်းနေတာတွေကို တွေ့ခဲ့ရပါတယ်။
မခင်လှရဲ့ မောင်နှမ ၅ ဦးစလုံးကတော့ အဲဒီ တိုက်ခိုက်မှုမှာ အသက်ဆုံးရှုံးခဲ့ရှာပါတယ်။ မခင်လှ ကိုယ်တိုင်လည်း ရွာကို စွန့်ခွာပြီး ဆွေမျိုးတွေရှိရာ တခြားကျေးရွာ တစ်ခုဆီမှာ သွားရောက် ခိုလှုံနေရပါတယ်။
“ကျွန်မရဲ့ အိမ်က ပြာကျသွားပြီ။ ဘာမှ မကျန်တော့ဘူး။ ကျွန်မတို့က တောင်သူတွေပါ။ လယ်လုပ်တဲ့ သာမန်ပြည်သူတွေပါ”လို့ သူက ပြောတယ်။
တခြား ညောင်ကုန်းရွာသား တစ်ယောက်ဖြစ်တဲ့ ကိုအားလုက သူဟာ မီးတွေကို ကူငြှိမ်းပြီး ကွယ်လွန်သူ တစ်ရွာတည်းသားတွေကို ကူညီ မြှုပ်နှံပေးခဲ့ကြောင်း CNNဆီ ပြောပြခဲ့ပါတယ်။ “အလောင်းတွေကို အားလုံး တစ်နေရာတည်းမှာပဲ စုမြှုပ်ခဲ့ရတာပါ”လို့ သူက ဆိုပါတယ်။
NUGရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကိုနေဘုန်းလတ်ကလည်း စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု အကြောင်းကို အတည်ပြုခဲ့ပါတယ်။
“ပြည်သူလူထုကို ပစ်မှတ်ထားနေတဲ့ နစကရဲ့ လုပ်ရပ်ကို ကျွန်တော် ရှုတ်ချပါတယ်”လို့ သူက CNNကို သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။ နစက ဆိုတာက စစ်ကောင်စီရဲ့ တရားဝင် အဖွဲ့အစည်း နာမည်ကို အတိုကောက် ခေါ်ဝေါ်တာပါ။ “သူတို့က ပြည်သူလူထုကို အကြောက်တရား သွတ်သွင်းဖို့ တမင်လုပ်နေတာဗျ”လို့ ကိုနေဘုန်းလတ်က ဆက်ပြောပါတယ်။
ဧပြီလတုန်းကလည်း စစ်အာဏာရှင်တွေရဲ့ လေတပ်ဟာ စစ်ကိုင်းတိုင်းမှာ ထိတ်လန့် တုန်လှုပ်စရာ လေကြောင်း တိုက်ခိုက်မှုကြီး တစ်ခုကို ကျူးလွန်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ပဇီကြီး ကျေးရွာမှာ လူစုလူဝေးနဲ့ အခမ်းအနား ကျင်းပနေတုန်း လေကြောင်းကနေ အလစ်အငိုက် တိုက်ခိုက်မှုတွေကြောင့် ဒါဇင်နဲ့ချီ များပြားတဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ကြောင်း NUGနဲ့ မျက်မြင်သက်သေတွေက CNNဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။
စစ်တပ်က ပဇီကြီး လေကြောင်းတိုက်ခိုက်မှုကို မငြင်းဆန်ပေမယ့် အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားခဲ့တာသာ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုထားပါတယ်။ ဒါပေမဲ့ CNNက စုံစမ်းမေးမြန်းကြည့်သမျှ မျက်မြင်တွေ အားလုံးကတော့ သေဆုံးသူတွေဟာ အခမ်းအနား တစ်ခုကို ပျော်ပျော်ရွှင်ရွှင် တက်ရောက်နေခဲ့တဲ့ အရပ်သား ပြည်သူတွေသာ ဖြစ်တယ်လို့ တညီတညွတ်တည်း ထောက်ခံထားကြပါတယ်။
ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဝေဖန် ကန့်ကွက်မှုတွေကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေပြီး မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်သွင်းမှုတွေနဲ့ လက်နက် တင်ပို့မှုတွေကို အလုံးစုံ တားဆီး ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုသံတွေလည်း ကျယ်လောင်လာပါတယ်။
မေလတုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာရာမှာ စစ်ကောင်စီဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးထိ တင်သွင်း ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေဟာ ရုရှား၊ တရုတ်နဲ့ စင်ကာပူတို့မှာရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေဆီကနေ အဓိက ဝင်ရောက်လာတယ်လို့လည်း သိရပါတယ်။